Saturday 29 September 2012

ကမ္ဘာ့ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်

                 ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်
          ဒေါ်အောင်ဆန်းစုကြည် နှင့်အမေရိကန်သမ္မတ အိုဘားမား သမ္မအိမ်ဖြူတော်၌တွေ့ဆုံစဉ်

ကမ္ဘာ့ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် By ရွှေပြည်စိုး

ကမ္ဘာ့ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဟုဆိုသည်နှင့် မည်သူဖြစ်မည်ကို ချက်ချင်းသိမည်ဟု ယုံကြည် ပါသည်။ ထိုပုဂ္ဂိုလ်သည် ၂၁ ရာစု မြန်မာ့သမိုင်းတွင် တစ်ဦးတည်းသောကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် မြန်မာ့လူ့အခွင့်အရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါသည်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်များ အဓိကရှိအပ်သည့်အ ရည်အချင်းများမှာ ….
၁။ ဉာဏ်ပညာ အရည်အချင်း
၂။ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်
၃။ မိမိအကျိုးထက် နိုင်ငံအကျိုးကို ဦးစားပေးဆောင်ရွက်စိတ် စသည်တို့ရှိရန် လိုအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် သည်ထိုကဲ့သို့သောအရည်အချင်းနှင့် ပြည့်စုံသည့်အပြင် ကိုယ်ကျိုးစွန့်၊အနစ်နာခံ စည်းစိမ်ဥစ္စာစွန့်၊ မိသားစုစွန့်၊ နောက်ဆုံး အသက်ကိုပါစွန့်ရန် ဆုံးဖြတ်ထားပြီးသူဖြစ်သည်။ ဤအချက်များသည် အခြားသောကမ္ဘာ့ခေါင်းဆောင်များထက် သာလွန်သော အချက်များဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် မည်သို့ကမ္ဘာ့ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်အဆင့်ဝင်ဖြစ်လာသည်ကိုမပြောမီ ဒေါ်စု၏ မိဘ နှစ်ပါးအကြောင်းကို ရှေးဦးစွာအကျဉ်းချုံး၍တင်ပြပါမည်။

● ဖခင် ဗိုလ်ချုပ်အောင်ဆန်း

ဒေါ်အောင်ဆန်းစုကြည်၏ဖခင်သည် တပ်မတော်ဖခင် လွတ်လပ်ရေးဗိသုကာ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် မြန်မာ သာမက ကမ္ဘာကပါ အသိအမှတ်ပြုခံရသူဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘဝကတည်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ (တကသ) ၏အာဘော်ဖြစ်သော အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ) ဥက္ကဌအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ကျောင်းသားဘဝကနေ နိုင်ငံရေးလောကသို့ကူးပြောင်းရာတွင်လည်း သခင်ကိုယ်တော်မှိုင်းဦးဆောင်သော ဒို့ဗမာအစည်း အရုံး (၁၉၃၈-၄၀)၊ ဗမာ့ထွက်ရပ်ဂိုဏ်း (၁၉၃၉ – ၄၀) အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည်။ ဖဆပလပါတီ တည်ထောင်ရာတွင်လည်း ခေါင်းဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့ပါသည်။ ထိုသို့ မြန်မာ့လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် ၁၉၄၃ တွင်ဂျပန် ဧက ရာဇ်ဘုရင် Akihito က ဗိုလ်ချုပ်အောင်ဆန်းအား ဂျပန်သို့ဖိတ်ခေါ်ပြီး the Order of The Rising Sun ဘွဲ့ကိုချီးမြှင့်ခဲ့သည်။

● မိခင် ဒေါ်ခင်ကြည်

ဒေါ်ခင်ကြည်သည်မွန်မြတ်သော သူနာပြုအလုပ်ဖြင့်လုပ်ကိုင်ရင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ၁၉၄၂ ခုစက်တင်ဘာလတွင် အိမ်ထောင်ပြု သည်။ ဒေါ်ခင်ကြည်သည် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီးနောက် ၁၉၆၀ ပြည့် မေလတွင်အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အ မတ်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ဇွန်လတွင် နီပေါနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ပေးအပ်ခြင်းခံရသည်။
ဒေါ်ခင်ကြည်သည် မြန်မာအမျိုးသမီးလောကတွင် ပထမဆုံးနှင့်တစ်ဦးတည်းသော အမျိုးသမီးသံအမတ်ကြီအဖြစ် မော်ကွန်းတင်ခံရပါ သည်။ ၇ နှစ်မျှ တာဝန်ထမ်းဆောင်ပြီး ၁၉၆၇ ခု ဇွန်လတွင် အငြိမ်းစားယူခဲ့သည်။
ဒေါ်ခင်ကြည်သည်ပြည်တွင်း၌ မွန်မြတ်သောသူနာပြုလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများကို စေတနာသန့်သန့် ကိုယ်ကျိုးမဖက်ဘဲလုပ် ဆောင်မှုများကြောင့် ၁၉၄၇-၅၃ တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ ညွှန်ကြားရေးဝန်အဖြစ်လည်းကောင်း၊ ၁၉၅၃ -၅၈ တွင် ပြည်ထောင် စုမြန်မာနိုင်ငံ လူမှုဝန်ထမ်းကောင်စီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကျန်း မာရေးနှင့် ပြည်ရေးပြည်ရာအဖွဲ့၊ ပြည်ထောင်စုမြန်မာနိုင်ငံ အ မျိုးသမီးအသင်းများကောင်စီ၊ ဒီမိုကရေစီသဘောတရား တိုးတက်ပြန့်ပွားရေးအသင်း စသည့်အသင်းအဖွဲ့များ၏ဥက္ကဌ အဖြစ်လည်းကောင်း မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊ မြန်မာနိုင်ငံသူနာပြုတင်ကားတပ်ဖွဲ့ဝင် အမျိုးသမီးအုပ်ချုပ်ရေးမှူး၊ ရာမာ ခရစ်ရှနာသာသနာပြုဆေးရုံနှင့် စာကြည့်တိုက်ဒုဥက္ကဌစသည့်တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။
ဒေါ်ခင်ကြည်သည်နိုင်ငံ့အကျိုးပြည်သူ့အကျိုးများကို စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် ၁၉၅၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာမိခင်ဘွဲ့၊ ၁၉၅၁ တွင် နိုင်ငံတော်အစိုးရက မဟာသီရိသုဓမ္မဘွဲ့၊ ၁၉၅၅ တွင် ယူဂိုစလားဗီးယားနိုင်ငံက မာရှယ်တီးတိုးယူဂိုစလပ်ကြယ် (ဒုတိယအဆင့်) နှင့် ထိုင်းနိုင်ငံဥသျှောင်အဖွဲ့က နိုဘယ်အော်ဒါဘွဲ့ (ဝါ) အမြင့်မြတ်ဆုံးဆုတံဆိပ်တို့ကို ချီးမြှင့်ခြင်ခံခဲ့ရပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ့အကျိုး ပြည်သူ့အကျိုးများကိုထမ်းဆောင်ခဲ့ကြသော ဂုဏ်သိက္ခာရှိ မိဘနှစ်ပါးမှဆင်းသက်လာသူဖြစ်၍ ဒေါ်စုသည်လည်း မိဘနှစ်ပါး၏ မွန်မြတ်သောလုပ်ငန်းများကို သမိုင်းပေးတာဝန်တရပ်အနေဖြင့် ယနေ့တိုင်ဆက်လက်ထမ်းဆောင်လျှက်ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည် မည်သို့ကမ္ဘာထိပ်တန်းနိုင်ငံ့ခေါင်းဆောင် အဆင့်ဝင်ဖြစ်လာသည်မှာ အောက်ပါအကြောင်းအချက်များက အ ထောက်အကူပြု ပံ့ပိုးမှုများကြောင့်ဖြစ်ကြောင်း ဆက်လက်ရှင်းပြပါမည်။ ဒေါ်အောင်ဆန်းစုကြည်၏ …

၁။ ပညာအရည်အချင်းနှင့် ဘာသာစကား

ဒေါ်အောင်ဆန်းစုကြည်၏ပညာအရည်အချင်းကကမ္ဘာထိပ်တန်းနိုင်ငံခေါင်းဆောင်အဆင့်ဝင်စေခဲ့ပါသည်။ ဒေါ်စုသည် အိန္ဒိယနိုင်ငံ နယူး ဒေလီမြို့ရှိ နိုင်ငံရေးသိပ္ပံပညာရပ်ကို သင်ယူခဲ့သည်။ (၁၉၆၂-၆၃) ဒေါ်အောင်ဆန်းစုကြည်သည် ဒဿနိကဗေဒ၊ နိုင်ငံရေးသိပ္ပံ ၊စီပွားရေး ပညာရပ်များဖြင့် ဝိဇ္ဇာဘွဲ့ (B.A.) ကို Oxford University St Hugh’s College မှ ရရှိသူဖြစ်ပါသည်။ (၁၉၆၄-၆၇) ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးစင်တာတွင် ဧည့်ပညာရှင်အဖြစ် ဆည်းပူးခဲ့သည်။ (၁၉၈၅-၈၆)
ဘာသာစကားအရ အင်္ဂလိပ် ပြင်သစ် ဂျပန်ဘာသာစကားများကို ကောင်းစွာရေးပြောနိုင်သူ လည်းဖြစ်သည်။

၂။ အလုပ်အကိုင်နှင့်အတွေ့အကြုံ

ဒေါ်အောင်ဆန်းစုကြည်သည် ဘာသာရပ်အမျိုးမျိုးကိုသင်ယူထားသည်ဖြစ်၍အလုပ်လုပ်ရာ တွင် ဒေါ်အောင်ဆန်းစုကြည်သည်ဘာသာရပ်အမျိုးမျိုးကိုသင်ယူထားသည်ဖြစ်၍ အလုပ်လုပ်ရာတွင် အလွန်အလွန်အဆင်ပြေပါသည်။ ရှေးဦးစွာလန်ဒန်တက္ကသိုလ်အာရှအရှေ့ပိုင်းအာ ဖရိကသုတေသနဌာနတွင်နိုင်ငံရေးဆိုင်ရာပညာရပ်များကိုကူညီသင်ကြားပေးကြောင်း (၁၉၆၈) အမေရိကန် နယူးယောက်မြို့ ကုလသမဂ္ဂအတွင်းဝန်များရုံး၏အုပ်ချုပ်မှုနှင့် ဘတ်ဂျက်မေးခွန်းများဆိုင်ရာအကြံပေးကော်မတီတွင် လက်ထောက်အတွင်းရေးမှူးအဖြစ်၎င်း (၁၉၆၉-၇၁)၊ ဘူတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သုတေသနအရာရှိအဖြစ်၎င်း (၁၉၇၂)၊ အောက်စဖို့တက္ကသိုလ် ဂါးဒီးယန်းစာကြည့်တိုက် တွင်တာဝန်ခံအဖြစ်၎င်း (၁၉၇၅-၇၇) စသည့်နှစ်များတွင် ထမ်းဆောင်ခဲ့ပါသည်။

၃။ စိတ်ဓာတ်

ဒေါ်အောင်ဆန်းစုကြည်၏စိတ်ဓာတ်သည် ပျော့ပြောင်းသလောက်ခိုင်မာသည်ကိုတွေ့ရသည်။ “ပျော့လျှင်ဖယောင်း မာလျှင်သံချောင်း” စ ကားပုံအတိုင်း ပျော့လျှင်အလွန်ပျော့၍ မာလျှင်အလွန်မာတတ်သည်ကို တွေ့ရပါသည်။

● ပျော့လျှင်ဖယောင်း
ဒေါ်အောင်ဆန်းစုကြည်သည်သူများအပေါ် သနားကြင်နာကိုယ်ချင်းစာစိတ် ရှိသည်။ရိုးသားဖြူစင် ဖြောင့်မတ်သည်။ သူတပါးအပေါ်လိမ်ညာ လှည့်စား လက်တလုံးခြားမလုပ်တတ်။ ဒုက္ခရောက်နေသူများကိုကူညီကယ်တင်လိုစိတ် အမြဲတမ်းရှိသည်။ အထင်ရှားဆုံးသာဓကမှာ – ဒုက္ခရောက်နေသောအမေရိကန်နိုင်ငံသား John WilliamYeattaw ကို၂၀၀၉ခုနှစ် မေလဆန်းကကယ်တင်မိ၍ ဒေါ်စုမှာ အိမ်အကျယ်ချုပ် လွတ်ခါနီးမှ သက်တမ်းတနှစ်ခွဲထပ်တိုးခံရခြင်းသည် ဒေါ်စု၏ ဒုက္ခသည်အပေါ်သနားကြင်နာမှု၏ သာဓကတခုဖြစ်သည်။

● မာလျှင်သံချောင်း

ဒေါ်အောင်ဆန်းစုကြည်၏စိတ်ဓာတ်သည် ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်လျှင် ပျော့ပြောင်းသော်လည်း တိုင်းပြည်နှင့်လူမျိုးအတွက်ဖြစ် လျှင် ယောက်ျားကြီးများထက်၊ စစ်ဗိုလ်ချုပ်ကြီးများထက် စိတ်ဓာတ်ခိုင်မာသည်။ မည်သူမျှ မိမိ၏မိသားစုများကို မစွန့်လွှတ်နိုင် မစွန့် လွှတ်ရက်ကြပါ။ သို့သော်ဒေါ်စုသည် မိသားစုများကိုလည်း စွန့်လွတ်နိုင်သည်၊ တစ်ယောက်တည်းနေထိုင်ပြီးမည်သူနှင်မျှမတွေ့ရ၊ စကားမ ပြောရ မည်သည့်နေရာသို့မျှ မသွားရလည်း မည်သို့မျှတုန်လှုပ်ချောက်ခြားခြင်းမရှိ။စိတ်အားမငယ်၊ စိတ်ဓာတ်မကျ၊ ပကတိအကောင်းအ တိုင်းဖြစ်သည်။ သီလသမာဓိရှိခြင်းကြောင့်ဖြစ်သည်ဟု ယူဆရပါသည်။ ဤအချက်များသည် ဒေါ်စု၏ ခိုင်မာသောစိတ်ဓာတ်ကိုပြသ ခြင်းဖြစ်သည်။

၎။ ရက်ရောသော အလှူရှင်

ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် လှူတန်းရာတွင် အလွန်ရက်ရောသည်။ စံတင်လောက်ပါသည်။၂၁ ရာစု မြန်မာ့သမိုင်းတလျောက်လုံး ဒေါ်အောင်ဆန်းစုကြည်လောက် အလှူရက်ရောသူမတွေ့ဘူး မကြားဘူးသေးပါ။ နဝတ နအဖခေတ်တ လျောက်လုံးအချမ်းသာဆုံးဟု မြန်မာလူထုကယုံကြည်ထားသည့် နအဖဥက္ကဌကြီး ဗိုလ်ချုပ်မှူးကြီသန်းရွှေ၏လူယုံတော်ဖြစ်ဟုလည်း စီးပွား ရေးသမားများက အသိအမှတ်ပြုထားသည့် ဦးတေဇက အလှူအတန်းများများလှူသည်ဟု တခံမှမကြားဖူးပါ။ ဒေါ်စုလှူသည့်အရေအတွက်၏ ၂၅% ခန့်ပင်မရှိဟု ယူဆရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အလှူရက်ရောမှုကို ကြည့်ပါ။
ဒေါ်အောင်ဆန်းစုကြည်သည်နအဖစစ်အစိုးရကိုလက်နက်မပါ၊အကြမ်းမဖက်သောနည်းဖြင့်ဒီမိုကရေစီနှင့်လူ့အခွင့်အရေးရရှိရေးအတွက်ကိုယ်ကျိုးစွန့်အနစ်နာခံကာတိုက်ပွဲဝင်နေမှုကို ထောက်ခံအားပေးသောအားဖြင့်နိုင်ငံတကာမှ ချီးမြှင့်သောဂုဏ်ထူးဆောင်ဆုများတွင် ငွေ သားနှင့်တွဲပါသောဆုများလည်း ပါဝင်ပါသည်။ ငွေသားနှင့်တွဲပါသော ပထမဆုံးဆုသည် ၁၉၉၁ ခုနှစ်အတွက် နော်ဝေနိုင်ငံမှချီးမြှင့်သည့် အမေရိကန်ဒေါ်လာ ၁.၃ သန်း (U.S. $1.3 millions) ပါသော နိုဘယ်လ်ငြိမ်းချမ်းရေးဆု (Nobel Peace Prize) ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်က ထိုငွေများကို ၎င်း၏ကိုယ်ကျိုးအတွက်မသုံးဘဲ မြန်မာပြည်သူလူထုလိုအပ်လျက်ရှိသော ကျန်းမာရေးနှင့်ပညာရေးအတွက်အသုံးပြုမည်ဟုကမ္ဘာသိ ကြေညာခဲ့သည်။ ၎င်းပြင် လေ့လာမိသမျှ ငွေသားပါဆုများမှာ ၂၀၀၂ ခုနှစ် အောက်တိုဘာလက UNESCO – Madanjeet Singh Prize U.S.$1,00,000၂၀၀၃ ခုနှစ် ဧပြီလက အမေရိကန်အခြေစိုက် Al Neuharth Free Spirit Award $1 million၊ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလက ဆွီဒင်နိုင်ငံအခြေစိုက် Olof Palm Prize (for 2005) U.S. $50,000၊ ၂၀၀၇ ခုနှစ်၊ မတ်လက အိန္ဒိယနိုင်ငံကာ လကတ္တားမြို့မှ နေတာချီ ဆူဘတ်စ်ချန်ဒရာဘို့စ်ဆု – အိန္ဒိယ ရူပီငွေ ၁ သိန်း၊ ၂၀၀၉ ခုနှစ် မေလက တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှ Kim Dae Jung Award U.S.$ 10,000 တို့ဖြစ်ပြီး စုစုပေါင်း ချီးမြှင့်ပြီးသော ငွေသားမှာ U.S.$ 2,460,000 ဖြစ်ကြောင်း သိရပါသည်။ (အ ထက်ဖော်ပြပါ ဆုချီးမြှင့်သူ စာရင်းနှင့်ငွေစာရင်းများမှာ ပြီးပြည့်စုံသည်ဟု မယူဆပါ။ လက်လှမ်းမမီ၍ မသိလိုက်သည်များလည်းရှိနိုင်ပါ သေးသည်။
အထက်ပါ ဆုငွေအဖြစ်ရရှိသောငွေများကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ကျိုးအတွက်မသုံးဘဲ တိုင်းသူပြည်သားများလိုအပ်လျက်ရှိ သောကျန်းမာရေးနှင့် ပညာရေးတို့အတွက် အသုံးပြုမည်ဖြစ်ကြောင်းကြေညာထားပြီးဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာကချီးမြှင့်သည့်ဆုငွေများကိုသာ ကျန်းမာရေး၊ ပညာရေးအတွက်လှူဒါန်းသည်မဟုတ်၊ ပြည်တွင်း ၌လည်း အခါအားလျော်စွာ ပေးကမ်းလှူဒါန်းလျက်ရှိသည်။ မကြာသေးမီကဖြစ်ပွားခဲ့သောပုသိမ်ရေဘေးဒုက္ခသည်များအား ငွေကျပ်သိန်း၂၀ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရပါသည်။

(ဒုတိယပိုင်းကို ယခုရက်ပိုင်းအတွင်း ဆက်လက်ဖေါ်ပြပါမည်)

အပိုင်း (၂)

ကမ္ဘာ့ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် – အပိုင်း(၂)
By ရွှေပြည်စိုး

၅။ ဗုဒ္ဓဘာသာဝင် သူတော်စင်

ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာဝင်သူတော်စင်ဖြစ်သည့်အလျောက် အနန္တောအနန္တငါးပါးကို ရိုသေလေးစား ဦးထိပ်ထားလျက် ရှိ နေပါသည်။ ဒေါ်စုသည် နိုင်ငံတကာမှ ဆုများမချီးမြှင့်မီကပင် ဆရာတော်သံဃာတော်များအား နေအိမ်သို့ ပင့်ဖိတ်၍လည်းကောင်း၊ ကျောင်းများသို့သွား၍လည်းကောင်း လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိသကဲ့သို့ ရပ်ဝေးရှိ ဆရာတော်များ သီတင်းသုံးရာ ကျောင်းများသို့လည်း သွားရောက်ဖူးမြော်လေ့ရှိပါသည်။ အထင်ရှားဆုံးမှာ မွန်ပြည်နယ်ရှိ သာမညဆရာတော်အား သွားရောက်ဖူးမြော်ခြင်း ဖြစ်ပါသည်။
၂၁ ရာစု မြန်မာ့သမိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အလှူရက်ရောသူ နောက်ထပ်တစ်ဦးတစ်ယောက်မျှမပေါ်ပေါက်နိုင်ဟုယုံကြည်ရပါသည်။ လောလောဆယ် စုဆောင်းမိသမျှ နိုင်ငံတကာမှချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့ထူးဂုဏ်ထူးများနှင့် ဆုအသီးသီးစာရင်းများ ကို နောက်ပိုင်းတွင် သီးခြားဖော်ပြထားပါသည်။ ဆက်လက်ရှုစားနိုင်ပါသည်။

၆။ စံတင်လောက်သည့် ဝတ်စားဆင်ယင်မှု

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုသည် ၂၁ ရာစု မြန်မာ့သမိုင်း၏ စံနမူနာဖြစ်သည်။ အထူးသဖြင့် ပြည်ပရောက်မြန် မာအမျိုးသမီးများအတွက်လည်း ဒေါ်စုသည် စံနမူနာဖြစ်သည်။ ပြည်ပရောက် မြန်မာအမျိုးသမီးများသည် အိမ်မှအပြင်သို့ထွက်တိုင်း မြန်မာ အမျိုးသမီးဝတ်စုံဝတ်ဆင်သူ အလွန်နည်းပါးသည်။ လူနည်းစုသာတခါတရံ ဘုန်းတော်ကြီးကျောင်းသွားသည့်အခါ မြန်မာအမျိုးသမီးဝတ်စုံ ကို ဝတ်ဆင်ကြသည်။ ကျန်အားလုံးသည် ဘောင်းဘီ (သို့မဟုတ်) စကတ်ကိုသာ ဝတ်ဆင်တတ်ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် သည် အိမ်မှအပြင်သို့ထွက်သည့်အခါတိုင်း မြန်မာအမျိုးသမီးဝတ်စုံဖြစ်သည့် ထမီနှင့်ရင်ဖုံးအင်္ကျီကိုသာ အစဉ်အမြဲဝတ်ဆင်သည်။ ထို့ပြင် အလုပ်သွားတိုင်း၊ ပွဲနေပွဲထိုင်သွားတိုင်း၊ အခြားအခန်းအနားများ သွားတိုင်း၊ ဘုရားသွား ဘုန်းကြီးကျောင်းသွားသည့်အခါတိုင်းတွင် ထမီ၊ ရင်ဖုံးအင်္ကျီအပြင် ပုဝါကိုပါ အမြဲတမ်း လွှမ်းခြုံလေ့ရှိသည်။ အခုနောက်ဆုံး ပြည်ပခရီး (ထိုင်းနိုင်ငံ၊ ဥရောပ ၅ နိုင်ငံ) ထွက်ရာတွင်လည်း မြန်မာအမျိုးသမီးဝတ်စုံကိုသာဝတ်ဆင်ပြီး ပုဝါကို အမြဲတမ်းခြုံထားသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပခဲ့သော ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင်လည်းကောင်း၊ ဥရောပ ၅ နိုင်ငံတွင်ကျင်းပခဲ့သည့် အခမ်းအနားတိုင်းသို့တက်ရောက်၍ မိန့်ခွန်းပြောကြားရာတွင်လည်းကောင်း ဒေါ်စုသည် မြန်မာအမျိုးသမီးဝတ်စုံကိုဝတ်ဆင်သည်ကိုသာတွေ့ရပါသည်။ သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စားဆင် ယင်မှုသည် ၂၁ ရာစု မြန်မာအမျိုးသမီးများ၏ စံနမူနာပင်ဖြစ်ပါတော့သည်။

၇။ စွန့်လွှတ်စွန့်စားမှု

ဒေါ်အောင်ဆန်းစုကြည်သည် မည်သူနှင့်မျှ နှိုင်းယှဉ်၍မရသည့် စွန့်လွှတ်၊ စွန့်စားခြင်းများကိုစွန့်လွှတ်ခဲ့သည်။ မြန်မာနိုင်ငံသည် စစ်အာဏာ ရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီစနစ်ပြည်လည်ထွန်းကားရေး၊ လူ့အခွင့်အရေးများပြည်လည်ရရှိခံစားရရေးတို့အတွက် အ နစ်နာခံ၊ ကိုယ်ကျိုးစွန့်ပြီးလုပ်မှဖြစ်မည်ကို သိရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် မိမိ၏ဂုဏ်သိက္ခာ၊ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုများကိုစွန့်၊ ကိုယ်ကျိုးစွန့်၊မိသားစုစွန့်၊ နောက်ဆုံး အသက်ကိုပါစွန့်ပြီးလုပ်ဆောင်ခဲ့သည်မှာ ကမ္ဘာသိဖြစ်၍ အထူးရှင်းပြရန် လိုမည်မထင်ပါ။ အားလုံးအ တွက် တစ်ဦးတည်းအနစ်နာခံပြီး ဦးဆောင်မှုပေးခဲ့သည့်အတွက် ချီးကျူးပါသည်၊ ဂုဏ်ယူပါသည်။

၈။ ရဲစွမ်းသတ္တိ

ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်အမျိုးသမီးကမှ ယှဉ်နိုင်စွမ်းမရှိသည့် ရဲစွမ်းသတ္တိရှိသူဖြစ်သည်။ယုံကြည်ချက်၊ ဆုံးဖြတ်ချက်အတိုင်း မကြောက်မရွံ့နောက်မတွန့်ဘဲ ပြီးစီးသည်ထိ လုပ်ဆောင်လေ့ရှိသည်။ မည်သို့သော အတားအဆီး၊ အန္တရာယ်ရှိသည်ဖြစ်စေ ထိုအတားအ ဆီးအန္တရာယ်များကို ရှောင်ကွင်း၍မသွားဘဲ ရဲရင့်တည်ကြည်စွာဖြင့် ရင်ဆိုင်ရဲသည့်သတ္တိရှိသည်။ ထိုသို့ ရဲရင့်သည့်သတ္တိရှင်သည် ဒေါ်စုမှ တပါး အခြားမရှိဟုပြောလျှင် မှားမည်မထင်ပါ။ အထင်ရှားဆုံးသာဓကများမှာ …
က။ ၁၉၉၀ ပြည့်နှစ် မေလ ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးစဉ်အတွင်း ၁၉၈၉ ဇန္နဝါရီလ ၂၁ ရက်၊ နံနက်တွင် ပုသိမ်မြို့ ဝေဠုဝန်ကျောင်း တိုက် ရှိရာသို့သွားရန် NLD တိုင်းရုံးမှ ထွက်လာစဉ် လမ်းတွင် ဧရာဝတီတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်မြင့်အောင်၏ လက်နက်ကိုင်တပ်သားများက ကားနှင့်ဖြစ်စေ၊ ခြေလျင်ဖြစ်စေ မသွားရဟု တားမြစ်ခဲ့ကြသည်။ တိုင်းပြည်နှင့် လူမျိုးအတွက်ဆိုလျှင် မိမိအသက်ကို ပဓာနမထားသော ဒေါ် အောင်ဆန်းစုကြည်က “အကျဉ်းသားမှလွဲ၍ သွားချင်ရာကို သွားခွင့်ရှိသည်” ဟုဆိုကာ သူ့အားချိန်ရွယ်ထားသည့် စစ်သားများ၏ သေနတ် များ၊ လှံစွပ်များကြားမှ မတုန်မလှုပ်ဘဲ တည်ကြည်စွာ ဖောက်ထွက်သွားခဲ့သည်။
အသက်အန္တရာယ်ရှိမှန်းသိလျက်နှင့် မကြောက်မရွံ့ မတုန်လှုပ်ဘဲ ရဲရင့်တည်ကြည်စွာ ရင်ဆိုင်လိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြား သောရဲစွမ်းသတ္တိပင်ဖြစ်သည်။
ခ။ ၂၀၀၃ ခုနှစ် အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း မေလ ၃၀ ရက်နေ့ည ဒီပဲယင်းအရပ်၌ နအဖ စစ်အစိုးရ၏ လျှို့ဝှက်စီမံချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နှင့် NLD လူငယ်များအား လူရမ်းကားများက တုတ်၊ ဓား၊ လှံ စသည့် လက်နက်မျိုးစုံတို့ဖြင့် ဝိုင်းဝန်း တိုက်ခိုက်ချိန်တွင် မိမိအားကာကွယ်ပေးနေသော လူငယ်များအစား မိမိသာ အသေခံမည်ဆိုကာ ကားထဲမှ အတင်းပင်တိုးထွက်ခဲ့သည်။ လူငယ်များက ဒေါ်စုအား ကားထဲမှ ထွက်ခွင့်မပေးဘဲ ၎င်းတို့သာ အသေခံ၍ ကာကွယ်ပေးသွားခဲ့ကြသည်။
ကားထဲမှ ထွက်လိုက်သည်နှင့် သူ့အသက်ပါပျောက်သွားမည်ကိုသိလျက်နှင့် ကားထဲမှထွက်ရန် အတင်းကြိုးစားခြင်းသည် ဒေါ်စု၏ ထူးခြား သော ရဲစွမ်းသတ္တိပင်ဖြစ်သည်။ ချီးမွမ်းစရာ၊ ဂုဏ်ယူစရာ ဖြစ်သည်။

၉။ ကမ္ဘာ့ထိပ်တန်းနိုင်ငံခေါင်းဆောင်ဖြစ်

ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ထိပ်နိုင်ငံ့တန်းခေါင်းဆောင် အဆင့်ဝင်ဖြစ်လာစေရန် အထောက်အကူပြုမှုများ၏ အဓိကအချက်သည် သန့်ရှင်းမွန်မြတ်သောစိတ်ထားဖြင့် တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြသော မိဘ၊ ဘိုးဘွားများ၏ ဇာတိသွေးကြောင့်ဖြစ်သည် ဟုပြောနိုင်ပါသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ အထက်တွင်ဖေါ်ပြပြီးဖြစ်သည့် ဉာဏ်ပညာအရည်အချင်း၊ စိတ်ဓါတ်၊ ရဲစွမ်းသတ္တိ၊ စွန့်လွှတ်စွန့်စားခြင်း …. စသည်များပါဝင်သကဲ့သို့ ဒေါ်စုရေးသားခဲ့သော စာအုပ်စာတမ်းများ၊ အင်တာဗျူးများ၊ မိန့်ခွန်းများ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေး သားထုတ်ဝေသည့် နိုင်ငံခြားသားပညာရှင်များ၏ စာအုပ်များကလည်းများစွာအထောက်အကူပြုပါသည်။ ၎င်းတို့မှာ ….

က။ ။ ဒေါ်အောင်ဆန်းစုကြည်ရေးသည့်စာအုပ်များ

1. Let’s Visit Burma by Burke Pub Co, ……. 1985
2. Burma and India by India Institute of Advanced Study , Shimla …… 1990.
3. Aung San of Burma by Kiscadale Publication ….. 1991.
4. Freedom from Fear by Penguin Books …… 1993.

(ဤစာအုပ်ကို နယူးယောက်၊ အင်္ဂလန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့တွင် အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထုတ်ဝေသည်။ နော် ဝေ၊ ပြင်သစ်၊ စပိန် နိုင်ငံတို့တွင်မူ ၄င်းတို့ဘာသာသို့ပြန်ဆို၍ထုတ်ဝေကြာင်းသိရှိရပါသည်။)

5. Letters from Burma by Penguin Books ………. 1995.
6. လက်ရွေးစင်မိန့်ခွန်များ by La Haule Books…….. 1995
7. Voice of Hope by Published : Italy …………….. 2008
8. Let’s Visit Bhuton
9. Let’s Visit Napal Series by Burke Pub Co.
10. Aung San and Leaders of Asia Aeries.

(ဒေါ်အောင်ဆန်းစုကြည်သည် “ လက်ရွေးစင်မိန်ခွန်းများ “ စာအုပ်မှလွဲ၍ ကျန်စာအုပ်အားလုံးသည် အင်္ဂလိပ်ဘာသာဖြင့်ရေးသားသောစာအုပ်များဖြစ်သည်။ အင်္ဂလိပ်လိုရေး အခြားစာအုပ်များရရှိနိုင်ပါသေးသည်။)

ခ။ ။ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးသည့် စာအုပ်များ

1. The Lady, Aung San Su Kyi , Nobel Laureate and Burma’s Prisoner by Barbara Victor …….. (1998)
2. Aung San Su Kyi : Standing Up for Democracy in Burma by Bettina Ling …… (Nov – 1998)
3. Aung San Su Kyi : Standing Up for Democracy in Burma by Bettina Ling …… (Sept – 1999)
4. Aung San Su Kyi by William David Thomas …… (July – 2004)
5. Aung San Su Kyi : Activist for Democracy in Myanmar by Judy L. Hasday ….. (Jan _ 2007)
6. Perfect Hostage: A life of Aung San Su Kyi , Burma’s Prisoner of Conscience by Justin Wintle …… (Mar – 2008)
7. Aung San Su Kyi : Fearless Voice of Burma by Whitney Stewart …….(Jun _2008)
8. Aung San Su Kyi by Frederic P.Miller …… (Jun – 2010)
9. Most Influentia; World Leaders , Vol – 8 and Aung San Su Kyi by Victoria Hockfield ……. (Mar _ 2011)
10. Aung San Su Kyi by Simon Rose …….. (Jul – 2011)
11. Aung San Su Kyi A Treatise by Amy Johnson (Jul – 2011)
12. Honorary Companions of the Order of Australia : Jacques Consteau, J RN Utzon, Aung San Su Kyi by Source Wikipedia …… (Sep – 2011)
13 . Aung San Su Kyi and Burma’s Struggle for Democracy by Bertil Lintner ….. (Oct – 2011)
14 . Aung San Su Kyi by Jesper Bengtsson ……… ( Mar – 2012)
15 . The Lady and the Peacock : The Life of Aung San Su Kyi by Peter Popham …. (Mar – 2012)
Foreword by Aung San Su Kyi Abhaya : Burma’s Fearlessness by James Mackay.
Forworded by Aung San Su Kyi …. (Dec _ 2011)

၁၀။ ကမ္ဘာ့ထိပ်တန်းနိုင်ငံခေါင်းဆောင်ဖြစ်ကြောင်း ထပ်လောင်းသက်သေထူ

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာမှရောက်ရှိလာသည့် နိုင်ငံခေါင်းဆောင်များ၊ထင်ရှားကျော်ကြားသည့် နိုင်ငံတကာဆိုင်ရာ အဖွဲ့အ စည်းကြီးများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းသည်ပင် ခေါင်းဆောင်အချင်းချင်း ဆွေးနွေးသည့်အဆင့်သို့ရောက်ရှိနေပြီဟု အ သိအမှတ်ပြုရာရောက်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပသို့ ခရီးထွက်သည်နှင့် ရောက်ရှိရာနိုင်ငံများမှကမ္ဘာ့ထိပ်တန်းနိုင်ငံ ခေါင်းဆောင်များ နည်းတူကြိုဆိုနှုတ် ဆက် ဧည့်ဝတ်ပြုကြသည်ကို တွေ့ရပါသည်။
ပထမဦးဆုံးပြည်ပခရီးစဉ်အဖြစ် ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့သွားရောက်ခဲ့သည်။ ထိုင်းနိုင်ငံက ဒေါ် အောင်ဆန်းစုကြည်အား ကမ္ဘာ့ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်တဦးအနေဖြင့် ကြိုဆိုရန်စီစဉ်ခဲ့သော်လည်း အရပ်သားဟန်ဆောင် မြန်မာစစ်အ စိုးရ၏ဖိအားပေးမှုကြောင့် လူထုခေါင်းဆောင်တဦးအနေဖြင့်သာ ကြိုဆိုကြောင်းသိရပါသည်။
ဒုတိယခရီးစဉ်ဖြစ်သော ဥရောပ ၅ နိုင်ငံခရီးစဉ်များအတွင်း ရောက်ရှိရာနိုင်ငံများ က ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့ထိပ်တန်းနိုင်ငံခေါင်း ဆောင်အဖြစ် လှိုက်လှိုက်လှဲလှဲ၊ ၀မ်းသာအားရကြိုဆိုကြသည်။ သမတများ၊ ၀န်ကြီးချုပ်များကိုယ်တိုင် ကြိုဆိုနှုတ်ဆက်ကြသည်ကိုတွေ့ရပါ သည်။ ဂုဏ်ယူ၍မဆုံး၊ ၀မ်းသာကြည်နူး၍မဆုံးပါ။
အထူးခြားဆုံးမှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ အထက်အောက်လွှတ်တော် ၂ ရပ်ပေါင်း Westminster ပါလီမန်တွင် ဒေါ်အောင်ဆန်းစုကြည်အား မိန့်ခွန်းပြောကြားခွင့်ပြုခြင်းဖြစ်သည်။ ထိုသို့ ဒေါ်စုအား စကားပြောခွင့်ပြုခြင်းသည် “အဆုံးစွန်ဂုဏ်ပြုမှု” တရပ်ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ်ကတည်းက ထိုပါလီမန် ၂ ရပ်တွင်စကားပြောခွင့်ရသည့် ကမ္ဘာ့ခေါင်းဆောင် ၄ ဦးသာရှိသည်။ ၎င်းနောက်ပိုင်း စကားပြော ခွင့်ရသူများမှာ လက်ရှိ ဗါတီကန် ပုပ်ရဟန်းမင်းကြီး ၁၆ နှင့် အမေရိကန်သမတ ဘားရက်အိုဘားမားတို့ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သည် တတိယမြောက်ခေါင်းဆောင်ဖြစ်သည်။
တဖန် ဗြိတိန်ဘုရင်မကြီး အယ်လစ်ဇဘက်ပြီးလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယမြောက်မိန့်ခွန်းပြောခွင့်ရသည့် အမျိုးသမီးဖြစ် သည်။ (အာအက်ဖ်အေ ၊ ၂၁-၆-၂၀၁၂)
ဤသည်များကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တဦးဖြစ်နေပြီဆိုသည်ကို ပြသရာရောက်နေပါ သည်။ မြန်မာနိုင်ငံအတွက်လည်းကောင်း၊ မြန်မာလူမျိုးများအတွက်လည်းကောင်း ဂုဏ်ယူစရာအတိဖြစ်ပါသည်။
အထက်ပါ အထူးခြားဆုံးဖြစ်ရပ်များက ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်တဦးဖြစ်ကြောင်း ထပ်လောင်းသက် သေထူလိုက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ လက်နက်မပါ၊ အကြမ်းမဖက်သောနည်းဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဉာဏ်ပညာ အရည်အချင်း၊ စိတ်ဓါတ်၊ ရဲစွမ်းသတ္တိ၊နှင့် စွန့်လွှတ်စွန့်စားခြင်း၊ ၎င်းတို့အပေါ် အခြေပြုပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအပါအ၀င် နိုင်ငံတကာမှ ဂုဏ်ထူးဆောင်ဆု ၁၂၀ ခန့်ချီးမြှင့်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ရေးသားသောစာအုပ်များ (အင်္ဂလိပ်လို) နိုင်ငံတကာမှ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးသားသောစာအုပ်များ ကမ္ဘာပျံ့နေခြင်း၊ နောက် ဆုံး အင်္ဂလန်နိုင်ငံ၏ အထူးခြားဆုံးဂုဏ်ပြုခြင်း စသည်တို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် တဦးဖြစ်နေ ပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။

မှတ်ချက်
(ကျန်ရှိနေသေးသည့် အပိုင်း (၃) တွင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာမှချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့ထူးဂုဏ်ထူး ၁၂၀ ခန့်ကို ယခုအပတ်အကုန် (wwekend) ဆက်လက်ဖေါ်ပြပါမည်)

>>>Read more>>> >>

ဒေါ်စု မိန့်ခွန်း ( အမေရိကန်နိုင်ငံ Yale တက္ကသိုလ်မှ )

ဒီနေ့ ကျမပြောချင်တဲ့ အကြောင်းအရာကတော့ တရာဥပဒေစိုးမိုးရေး '' Rule of
Law '' ပါဘဲ ။ ဒါပေမယ့် စာသင်ခန်းထဲမှာ ဆရာတွေ သင်လေ့ရှိတဲ့ Rule of Law
မျိုး မဟုတ်ပါဘူး ။ ဆရာတွေက ကျမထက်သာအောင် ပိုပြီး ကျွမ်းကျွမ်းကျင်ကျင်
ပြောနိုင်ကြမှာပါ ။ အခု ကျမက အဲဒီ Rule of Law ဆိုတာကို ကျမမြင်တဲ့ ၊
မြန်မာပြည်သူပြည်သားတွေမြင်တဲ့ ပုံစံရယ် ၊
ဘာကြောင့် အဲဒါဟာ ကျမတို့အတွက် အရေးကြီးသလဲဆိုတာကို ပြောချင်တာပါ ။

ပြောရရင်တော့ ကျမဘ၀မှာ (၁၉၈၈) ထိ ဥပေဒနဲ့ ပတ်သက်စရာ မလိုခဲ့သလောက်ပါဘဲ ။
( ၁၉၈၈) ထိ ဥပဒေနဲ့ နီးနီးစပ်စပ်ဖြစ်သွားဖူးတာ ၂ ခါဘဲ ရှိဖူးခဲ့တယ်လို့
ဆိုရမယ် ။ ပထမတစ်ကြိမ်တုန်းက အောက်စဖို့ဒ်ကျောင်းသူဘ၀တုန်း
ကပါ ။
တလမ်းသွားလမ်းပေါ်မှာ စက်ဘီးစီးလာရင်း ကင်းလှည့်လာတဲ့ ရဲကားကို တန်းကို
ဝင်တိုက်မိတာဘဲ ( ရယ်သံများ ) ။ ရဲက သည်းငြီးခံပြီး ကျမကို မေးပါတယ် ''
ဒါတလမ်းသွားလမ်းဆိုတာ သိလား '' တဲ့ ။ ကျမလည်း သိပါတယ်ပေါ့ ။ အဲဒီနောက်
သူလည်း ကိုယ့်လမ်းကိုယ်သွား ၊ ကျမလည်း စက်ဘီးပေါ်ခုန်တက်ပြီး ကျမလမ်းကို
ကျမ ပြန်ထွက်လာခဲ့တာဘဲ ။

နောက်တကြိမ်ကလည်း အောက်စ်ဖို့ဒ်မှာပါဘဲ ။ အချိန်က လမ်းမှာ လူရှင်းပြီး
မှောင်ရီပျိုးစအချိန်မှာ စက်ဘီးစီလာရင်း မီးနီကို အမှတ်တမဲ့ ဖြတ်ကူးမိတယ်
။ လမ်းတွေက ရှင်းနေပေမယ့် ကျမနောက်တည့်တည့်မှာ ကင်းလှည့်ရဲကားတစ်စီးတော့
ရှိနေပြန်ရော ( ရယ်သံများ ) ။ ဒီတော့ ကျမအဲဒီအချိန်ကတည်းက သိခဲ့
သင့်ပါတယ်......ကျမရဲ့ ရှေ့လာမယ့်အနာဂတ်မှာ ဥပဒေနဲ့ ပတ်သက်ရမှုဟာ
ထူးတော့ထူးခြားရမယ်ဆိုတာကိုလေ ။ ( ရယ်သံများ )
တကယ်တမ်းထဲထဲဝင်ဝင် ဥပဒေနဲ့ ပတ်သက်ရမှုကတော့ ပထမဆုံးအကြိမ် အကျယ်ချုပ်
ကျတုန်းကပါ ။ ( ၁၉၈၉ ) ဂျူလိုင်လ ( ၂၀ ) ရက်နေ့မှာ ရုတ်တရက်
ယူနီဖောင်းဝတ်ရဲတွေ ၊ စစ်သားတွေတပြုံကြီး ကျမခြံထဲ ရောက်ချလာပြီး
ရှိသမျလူတွေကို ၀ိုင်းထားတော့တာဘဲ ။ အစတုန်းက ကျမတွေးမိတာက ကျမကို
ထောင်ကိုခေါ်သွားမယ်ဘဲ ထင်တာပါ ။ ဒါပေမယ့် ကျမကို
အိမ်အကျယ်ချုပ်ချလိုက်ပြီး ကျန်တဲ့လူတွေကိုတော့ ထောင်ကို ခေါ်သွားပါတယ် ။

သူတို့လာဖမ်းတုန်းက ဖမ်းမိန့်ပါ တခါတည်း ယူလာပြီး ကျမကို ဖတ်ပြပါတယ် ။
အဲဒီဖမ်းမိန့်မှာပါတာက ကျမကို သူတို့ အိမ်အကျယ်ချုပ်ထားမယ် တဲ့ ၊
''နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးသူများမှ ကာကွယ်ဖို့ '' ဥပေဒအရ
ကျမကို ဖမ်းရတာလို့ ဆိုပါတယ် ။ ကျမဟာ သူတို့အလိုအရ အဖျက်သမား ပါတဲ့ ။
အဲဒီဥပဒေပုဒ်မ Section 10 အရ လူတစ်ယောက်ကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ
အိမ်ထဲမှာ ဖမ်းချုပ်ထားလို့ ရပါတယ် ။ အဲဒီ Section 10 ဆိုတဲ့ ဥပဒေမှာ
အပိုင်း နှစ်ပိုင်းပါပါတယ် ၊ 10 A နဲ့ 10 B ပါ ။ 10 A အရ လူတစ်ယောက်ကို
ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ထောင်ချလို့ ရပါတယ်။ 10 B အရကတော့
ရုံးတင်စစ်ဆေးခြင်းမရှိဘဲ အိမ်အကျယ်ချုပ်ချလို့ ရပါတယ် ။ ဒီတော့ ကျမက 10
B အရ အိမ်မှာ အကျယ်ချုပ်ကျခဲ့တာပါ ။ အဲဒီ 10 B ဥပဒေအရ ဖမ်းမိန့်ကို
ခြောက်လတစ်ကြိမ် ထပ်တိုးရတယ် ......အဲဒီလိုဆက်ပြီး သုံးနှစ်တိတိ
ထပ်ထပ်တိုးသွားလို့ ရပါတယ် ။

ထပ်တိုး မတိုး ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ သူတို့ အခေါ် ''
ဗဟိုဝန်ကြီးများကော်မတီ '' က ချမှတ်တာပါ ။ အဲဒီအဖွဲ့မှာ ပြည်ထဲရေး
ဝန်ကြီးအပါအ၀င် ၀န်ကြီး သုံးလေးဦးပါပါတယ် ။ အဲဒီအချိန်တုန်းက ကျမမှာ
ဥပဒေနဲ့ ပတ်သက်ဖူးတာ မရှိခဲ့သလောက်ဆိုတော့ ကျမထင်မိတာက ကျမကို
အကျယ်ချုပ်ချတာဟာ ဥပဒေနဲ့ အညီလုပ်တာဘဲလို့ ထင်မိခဲ့တယ် ။ အဲဒီတုန်းက
အိမ်ထဲမှာ ကျမ တစ်ယောက်တည်းပါ ၊ အစကတော့ ကျမသားနှစ်ယောက် ခဏတဖြုတ်
ရှိပါတယ် ။ ဒါပေမယ့် နောက်တော့ သူတို့လည်း အင်္ဂလန်ကို ပြန်သွားကြတယ် ။

ဒီလိုနဲ့ ကျမအကျယ်ချုပ်ကျပြီးနောက် ခြံထဲမှာ အစောင့်စစ်သားတွေ
လာနေပါလေရော.........အဲဒီအထိလည်း ဒါသူတို့ လုပ်ပိုင်ခွင့်ရှိလို့
လုပ်တာဘဲလို့ ထင်ခဲ့မိတယ် ။ နှစ်အတော်ကြာမှ ကျမနားလည်သွားတာက ကျမခြံထဲမှာ
ဒီလို လာပြီး အခြေချနေထိုင်ခွင့် သူတို့မှာ လုံးဝမရှိဘူး ဆိုတာပါဘဲ ။
အဲဒီတော့မှဘဲ ငါ့ တိုင်းပြည်က ဥပဒေအကြောင်း ငါ အတော်မသိပါလား ဆိုတာကို
စပြီး သဘောပေါက်သွားခဲ့ရတယ် ။ ဒီဥပဒေတွေကို တကယ်လေးစားလိုက်နာမှု ရှိမရှိ
ဆိုတာလည်း အတော်လေး မသိခဲ့တာဘဲ ဆိုတာကိုပါ နားလည်သွားခဲ့တယ် ။

အကျယ်ချုပ်အတွင်းမှာ လှိုင်းတိုရေဒီယို နားထောင်ခွင့်ရခဲ့ပါတယ်။
ဒီရေဒီယိုကဘဲ ကျမကို ပြင်ပကမ္ဘာမှာ ဘာတွေဖြစ်နေလဲဆိုတာ သိအောင်
လုပ်ပေးခဲ့တာပါ ။ရေဒီယိုကတဆင့် ကျမပါတီဝင်ပေါင်းများစွာ
အဖမ်းခံရနေတယ်ဆိုတာကို သိခဲ့ပါတယ် ။ များသောအားဖြင့် သူတို့ကို Section 5
နဲ့ ဖမ်းတာများတယ် ။ Section 5 ဆိုတာက ( ၁၉၅၀ ) မှာ သူတို့အခေါ် ''
အရေးပေါ်အခြေအနေ '' တွေဖြစ်ရင် သုံးဖို့ ထုတ်ခဲ့တဲ့ ဥပဒေပါ..........
အဲဒီကာလမှာတုန်းက ပုန်ကန်မှုအရှုပ်အထွေးတွေအများကြီး ရှိခဲ့တာကိုး ။

အဲဒီဥပဒေကို နောက်ပိုင်းမှာ ကျမတို့နိုင်ငံရေးသမားတွေက '' အမြင်ကတ်ပုဒ်မ
'' လို့ ခေါ်ကြတယ် ။ သူတို့ သည်းမခံနိုင်ရင် အမြင်ကတ်ရင် လူတစ်ယောက်ကို
အဲဒီပုဒ်မနဲ့ ငါးနှစ်လောက် ထောင်ချလိုက်လို့ ရတယ် ၊ ပြီးရင်
ပုဒ်မအမျိုးမျိုးတပ်ပြီး အနှစ် ( ၂၀ ) လောက်ထိ ချလိုက်လို့ ရပါတယ် ။
ဒီပုဒ်မနဲ့ ထောင်ထဲမှာ ကာလ အရှည်ဆုံး (၁၈) နှစ်နဲ့ ( ၃ ) လလောက်
တောက်လျှောက်နေလိုက်ရတဲ့ ကျမတို့ ပါတီဝင်တစ်ယောက် ရှိဖူးပါတယ် ။ အစတုန်းက
သူ့ကို ( ၅ ) နှစ်ဘဲ ချထားတာပါ ။

ဒီတော့ ကျမကိုယ်တိုင်ကြုံရတဲ့ အတွေ့အကြုံက မြန်မာပြည်မှာ
တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာကို နားလည်သွားစေခဲ့ပါတယ် ။ ဥပဒေဆိုတာ
ပြည်သူကို ကာကွယ်ပေးဖို့ ထားတာမဟုတ်ဘဲ အာဏာရှိသူတွေက သူ့တို့အကျိုးအတွက်
အသုံးချနေခဲ့ကြတာပါ ။ ။ Section 5 တို့ ၊ Section 10 တို့၊ နောက်ပြီး
တခြား Section တွေ ရှိပါသေးတယ် ။ အဲဒီထဲမှာ တရားမ၀င် အဖွဲ့အစည်းတွေနဲ့
ပတ်သက်တဲ့ ဥပဒေ Section 17 နဲ့လည်း ကျမအတော့်ကို ရင်းနှီးလာရသေးတယ် ။
ဒါတွေဟာ NLD ပါတီဝင်တွေကို သူတို့ ကြိုက်တဲ့ အချိန်မှာ ကြိုက်သလောက်
ထောင်ချလို့ ရအောင် စစ်အစိုးရက သုံးခဲ့တဲ့ Section တွေပါဘဲ ။

အကျယ်ချုပ်မှာ သုံးနှစ်ကြာလို့ ကျမလွတ်ခါနီးလည်းကျရော ကျမကို နောက်ထပ်
အကျယ်ချုပ်မှာ ဆက်ထားလို့ရအောင် Section 10 ကို ပြင်ဆင်လိုက်ကြပါတယ် ။
ဒီလိုနဲ့ တကယ်လည်း ကျမအထဲမှာ ( ၆ ) နှစ်ကြာသွားပါတယ် ။ လူတစ်ယောက်တည်းကို
ထောင်ထဲမှာ ပိုကြာကြာထည့်ထားဖို့ အတွက် ပြင်လိုက်တယ်ဆိုတဲ့ ဥပဒေမျိုး
လူကြီးမင်းတို့ ကြားဖူးကြပါသလား ။ ဒါကဘဲ ဥပဒေစိုးမိုးမှုအောက်မှာ
မရှိဘူးဆိုတာဘာကို ပြောတာလဲဆိုတာကို နားလည်စေတာပါဘဲ ။
အိမ်အကျယ်ချုပ်မှာတုန်းက NLD ပါတီဝင်တွေ အများကြီး အဖမ်းခံရတာကို
ရေဒီယိုကနေ ကြားရတယ် ။ ဒီတော့ ကျမတို့မှာ '' ဥပဒေအကူအဖွဲ့ Legal Aid
Committee '' ဆိုတာ လိုမယ်လို့ ကျမဆုံးဖြတ်ခဲ့တယ် ။ ကျမတို့ နိုင်ငံမှာ
အဲလို အဖွဲ့အစည်းမျိုး မရှိပါဘူး ၊ ဟိုးအရင်ကလည်း ရှိခဲ့မယ် မထင်ပါဘူး ။
ဒီလိုနဲ့ ( ၁၉၉၅ ) မှာ ကျမလွတ်လွတ်ချင်းဘဲ ငါတို့တော့ ဥပဒေအကူအဖွဲ့ဆိုတာ
ရှိမှဖြစ်မယ်လို့ ကျမပါတီကို ရှင်းပြခဲ့တယ် ။

အဲဒီအဖွဲ့ကို ဦးဆောင်ဖို့ ကျမရွေးလိုက်တဲ့လူက အဲဒီတုန်းက ပါတီ
ဥက္ကဖြစ်တဲ့ ဦးတင်ဦးပါဘဲ ။ သူက ဟိုးအရင်က စစ်တပ်မှာ
ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ဖူးပြီး ကျွမ်းကျင်တဲ့ ရှေ့နေတစ်ယောက်လည်း
ဖြစ်တယ် ။ စစ်တပ်က အထုတ်ခံလိုက်ရပြီးနောက် ဥပဒေဘက်ကို လိုက်စားခဲ့တာပါ ။
အဲဒီလိုနဲ့ ကျမက ဥပဒေအကူအဖွဲ့ကို ဖွဲ့ဖို့ သူ့ကိုပြောတယ် ။ ဒါမှလည်း
့ကျမတို့ ပါတီဝင်တွေ Section တစ်ခုခုနဲ့ အစွဲခံရရင်
ကာကွယ်ပေးလို့ရအောင်ပါ ။ ဒီ Section တွေအားလုံးဟာ
အတိုက်အခံနိုင်ငံရေးသမားတွေကို နိုင်ငံရေးကနေ ဆွဲထုတ်လိုက်ဖို့ရာအတွက်
ထောင်ချဖို့ ဆင်ခြေတွေချည်းပါဘဲ ။ ကျမရဲ့ အကြံကို ဦးတင်ဦးက
လိုက်လျောပါတယ် ။ သူက အင်မတန် ကျွမ်းကျင်ပြီးအတွေ့အကြုံများတဲ
စစ်သားတစ်ယောက်ပါ ။ အမိန့်ကိုလည်း တသွေမတိမ်းလိုက်နာတတ်တဲ့သူပါဘဲ ။ သူက
ကျမကို commender လို့ ခေါ်လေ့ရှိတယ် ။ အဲဒီလိုနဲ့ ကျမအကြံပေးတော့ သူက
အဲဒီအဖွဲ့ကို ဖွဲ့ပါတယ် ။ ဒါပေမယ့် လအတော်ကြာတော့ သူက အဲဒီအဖွဲ့ရဲ့
ထိရောက်မှုကို သူအယုံအကြည်မရှိဘူးလို့ ဆိုလာတယ် ။ ကျမပြောလို့သာ လုပ်ရတာ
၊ ဘာမှ အရာရောက်မယ်မထင်ဘူး တဲ့ ။ Section အမျိုးမျိုးနဲ့ တရားစွဲခံရတဲ့
ကျမတို့လူတွေကို ကာကွယ်ဖို့ကြိုးစားပေမယ့် ဘယ်တစ်မှုမှ နိုင်မှာ
မဟုတ်ဘူးလို့ သူက ဆိုတယ် ။

ဒါပေမယ့် ကျမက သူ့ကို ရှင်းပြပါတယ်.......ကျမတို့လူတွေအဖမ်းခံရရင်
ဒီအဖွဲ့လေးနဲ့ သူတို့ကို လွတ်အောင် ကူညီချင်နိုင်မှ ကူညီနိုင်မယ် ။
ဒါပေမယ့် ပထမဆုံးအနေနဲ့တော့ ကျမတို့ လူတွေကို '' ပစ်ထားမခံရဘူး '' ဆိုတဲ့
ယုံကြည်ချက် ရစေချင်တယ် ။ တိုင်းပြည်မှာ ရှိတဲ့ ဥပဒေနဲ့ သူတို့ကို
ကျမတို့က အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့ ကြိုးစားတယ်ဆိုတာ နားလည်စေချင်တယ်
။ ဒုတိယအချက်အနေနဲ့ တရားဥပဒေစိုမိုးမှုမရှိလို့ ဖြစ်ခဲ့တဲ့ ဒီအမှုတွေဟာ
မှတ်တမ်းအဖြစ်နဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ကျန်ခဲ့မယ် ။ ဒါမှလည်း
နောင်လာနောက်သားတွေက ဒါမျိုးကို ရှောင်လို့ရမယ်လေ ။
ဦးတင်ဦးက ကျမပြောတာကို လက်ခံပေမယ့် ထိရောက်မယ့်
အကြံတစ်ခုဆိုတာယုံကြည်ကြောင်း မပြပါဘူး ။ ဒါပေမယ့် နောက်ပိုင်းတော့
သူမှားကြောင်း ၀န်ခံခဲ့တယ် ။ ကျမတို့ ပါတီဝင်တွေအတွက်ထားတဲ့ ကျမတို့ရဲ့
စေတနာတွေ.............ဆိုလိုတာက သူတို့ မလွတ်နိုင်ဘူးဆိုတာ သူတို့
သိတာပါဘဲ ၊ ဒါပေမယ့် တရားရုံးမှာ သူတို့အတွက် တစ်ယောက်ယောက်ကလာပြီး
ကာကွယ်ပြောဆိုပေးတယ်ဆိုတာ သိရတာ သူတို့ ကျေနပ်တယ် ။ ဥပဒေအကူအဖွဲ့ကို
မဖွဲ့ခင်တုန်းက အဲဒါမျိုး မရှိခဲ့ပါဘူး ။ ဒီလိုနဲ့ ကျမတို့ဘက်က
သတ္တိကောင်းတဲ့ ရှေ့နေတွေ နည်းနည်းလာပြီး နိုင်ငံရေးအကျဉ်းသားတွေကို
ကာကွယ်ပေးခဲ့တယ် ။ ကျမတို့ဘက်က တစ်မှုမှတော့ မနိုင်သလောက်ပါဘဲ ။
ဥပဒေအကူအဖွဲ့က ကိုင်ခဲ့တဲ့ ထောင်ပေါင်းများစွာသော အမှုတွေထဲမှာ
ကျမတို့နိုင်ဖူးတာဆိုလို့ တကယ့်ကို တစ်ခုတည်း ရှိပါတယ် ။ ။ အဲဒီအမှုမှာ
တရားသူကြီးက အမျိုးသမီးပါ.....အမျိုးသမီးဖြစ်နေလို့ဘဲ ထူးသွားတာလား
မသိပါဘူး ။ ဒါပေမယ့် ကျမတို့လူကို လွှတ်လိုက်ပြီးတော့ သူလည်း နယ်ကို
အရွှေ့ခံရတာပါဘဲ ....ကျမတို့အတွက် တရားမျှတမှုဆောင်ကျဉ်းပေးတဲ့ အတွက်
အပြစ်ပေးခံရတဲ့သဘောပေါ့ ။ ဒီလိုနဲ့ ရှေ့ဆက်သွားရင်း ကျမတို့ သိလာရတာက
တရားဥပဒေစိုးမိုးမှုမရှိဘဲ ကျမတို့တိုင်းသူပြည်သားတွေဟာ ဘယ်တော့မှာ
အကြောက်တရားက လွတ်မှာ မဟုတ်ဘူးဆိုတာပါဘဲ ။ သူတို့ဘာအမှားမှ မလုပ်ရင်တောင်
သူတို့ကို '' တိုင်းပြည်ရဲ့ ဥပဒေ '' ဆိုတာတွေနဲ့ ချုပ်နှောင်လို့
ရနေတာကြောင့် အမြဲတမ်းကြောက်နေရမှာပါဘဲ ။ ဒီလိုနဲ့ဘဲ တရားဥပဒေ
စိုးမိုးမှုရဲ့ အရေးကြီးပုံကို ကျမတို့ဟာ နေ့စဉ်ဘ၀ကနေ သိခဲ့ရတယ် ။

ကျမတို့လူတွေမြောက်များစွာဟာ အဲဒီအချိန်တုန်းက သေးငယ်လွန်းတဲ့
အမှုတွေအတွက် အဖမ်းခံခဲ့ရတယ် ၊ ဥပမာ စစ်အစိုးရက အန္တရာယ်များတယ်လို့
သတ်မှတ်ထားတဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို ဖြန့်ဝေတာမျိုးနဲ့ပေါ့
။ တကယ်တော့ ကျမတို့ NLD က လူ့အခွင့်အရေးဆိုတာဘာလဲဆိုတာကို ပြည်သူတွေ
သိအောင်လုပ်ပေးခဲ့တာပါ ။ ဘာကြောင့်လည်းဆိုတော့ မြန်မာပြည်ဟာ
ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းမှာ လက်မှတ်ရေးထိုးခဲ့တဲ့
တိုင်းပြည်တစ်ခုဖြစ်တယ် ။ တကယ်လည်း အဲဒီအချိန်တုန်းက စစ်အစိုးရက
ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို တတ်နိုင်သလောက် ဖြန့်ဝေပေးဖို့
ကုလသမ္မဂနဲ့ သဘောတူညီထားခဲ့တယ် ။ ဒီတော့ ကျမတို့ လုပ်နေတာတွေဟာ စစ်အစိုးရက
သဘောတူလုပ်ဆောင်နေတဲ့ အရာတွေပါဘဲ ....ဒါပေမယ့် အဲဒီ
ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို ကော်ပီကူးပြီး ဖြန့်ဝေရုံလေးနဲ့
ကျမတို့လူတချို့အဖမ်းခံခဲ့ရတယ်။ ဒါကြောင့် ကျမတို့အတွက်တော့
လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ဒွန်တွဲနေပါတယ် ။
ကမ္ဘာ့ကုလသမ္မဂကြေငြာစာတမ်းအဖွင့်မှာလည်း ပါပါတယ် .......
လူ့အခွင့်အရေးတွေကို တရားဥပဒေစိုးမိုးမှုနဲ့ ကာကွယ်ပေးရမယ် လို့ပါ ။
ကျမတို့အနေနဲ့လည်း ဒါဟာ တကယ်လိုအပ်တယ်လို့ ယုံကြည်ပါတယ်။
တရားဥပဒေစိုးမိုးမှု မရှိရင် လူ့အခွင့်အရေးဆိုတာ မရှိပါဘူး ။ NLD က
ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်မယ်လို့ ပြီးခဲ့တဲ့ ဧပြီလက
ဆုံးဖြတ်ပြီး ရွေးကောက်ပွဲ ဦးတည်ချက်တစ်ခုအနေနဲ့ တရားဥပဒေစိုးမိုးရေးကို
ထည့်သွင်း သတ်မှတ်ခဲ့တယ် ။ တကယ်တော့ရွေးကောက်ပွဲ ဦးတည်ချက်က
တရားဥပဒေစိုးမိုးရေးရယ် ၊ တိုင်းရင်းသား ပဋိပက္ခတွေ
ငြိမ်းချမ်းသွားဖို့ရယ် ၊ အခြေခံဥပဒေကို ပြင်ဆင်ဖို့ရယ်ဆိုပြီး
သုံးချက်ရှိပါတယ် ။

တချို့ကလည်း မေးကြတယ် ......တရားဥပဒေစိုးမိုးရေးကို
တိုင်းရင်းသားကိစ္စရှေ့က ထားလို့ ကောင်းပါ့မလားတဲ့ ။ အဲဒါကို
လက်တွေ့ကျကျပြောရရင် တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့
တိုင်းရင်းသားပဋိပက္ခကို ငြိမ်းသွားအောင် လုပ်လို့မရပါဘူး။
တရားဥပဒေအတိုင်း ဖြစ်ရရုံမကဘဲ အဲလိုဖြစ်တာကိုပါ
သိသာမြင်သာစေပါ့မယ်ဆိုတာကို တိုင်းရင်းသားတွေကို ကတိမပေးနိုင်သရွေ့ကတော့
သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ချလက်ချ ယုံကြည်မှုရှိရှိ
ပါဝင်နိုင်မှာ မဟုတ်ပါဘူး ။ ဒီတော့ တရားဥပဒေစိုးမိုးမှုဟာ မြန်မာပြည်ရဲ့
စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီကို သွားရာမှာ ပထမဆုံးခြေလှမ်းပါဘဲ
။ ကျမတို့ရဲ့ နေ့စဉ်ဘ၀ကို အုပ်ချုပ်နေတာဟာ တရားဥပဒေစိုးမိုးရေးဆိုတာ
ကျမတို့ ခံရဖူးတဲ့ အတွေ့အကြုံအရ သိပါတယ် .....။ အဲဒီမှာမှ မရားတဲ့ဥပဒေတွေ
ဖြစ်နေပြန်ရင်လည်း ကျမတို့ဟာ နေ့စဉ်နှင့်အမျှ မတရားသဖြင့်
အအုပ်ချုပ်ခံဖြစ်ရဦးမှာပါဘဲ ။ အခုပြောခဲ့တဲ့ Section 5 တို့ Section 10
တို့ ဆိုတာ အစကတည်းက ကျင့်သုံးခဲ့ဖို့ မကောင်းတဲ့ ဥပဒေတွေပါ ။ အဲဒီ
ဥပဒေတွေကို ဥပဒေကိုယ်ထည်ကြီးတစ်ခုလုံးကကို အပြီးအပိုင်
ထုတ်ပစ်တာမျိုးကိုဘဲ ကျမတို့လိုလားပါတယ် ။ ခုထိတော့ ဖြစ်မလာသေးပါဘူး ။
လွှတ်တော်အတွင်းကနေ ကျမတို့ အပြင်းအထန်ကြိုးစားနေပါတယ် ။ ဒါပေမယ့်
ကျမတို့ဟာ လွှတ်တော်ထဲမှာ လူနည်းစုဘဲ ရှိသေးတယ် ဆိုတာကိုတော့
မမေ့စေချင်ပါဘူး ။ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေကို မရစေတဲ့ ၊
အာဏာပိုင်တွေက လိုသလို အလွဲသုံးစားလုပ်တဲ့ ဒီဥပဒေတွေကို ဖယ်ပစ်မှ ရပါမယ်
။ ဒီဥပဒေတွေနဲ့ ဘယ်သူ့ကို မဆို စွဲချက်တင်လို့ ရပါတယ် ။ လူတစ်ယောက်ဟာ
အဖျက်သမား ဆိုတာ ဘာကို အတိအကျဆိုလိုတာလဲ ။ ကျမဟာ အဖျက်သမားဟုတ်၊
မဟုတ်ဆိုတာ ဘယ်လို သက်သေပြမှာလဲ ။ ဒါပေမယ့် အာဏာပိုင်တွေကတော့ ကျမဟာ
အဖျက်သမား ၊ ကျမဟာ တိုင်းပြည်အေးချမ်းတည်ငြိမ်နေမှုကို နှောင့်ယှက်သူ
ဆိုပြီး ပြီး သူတို့ဟာသူတို့ ဆုံးဖြတ်တယ် ၊ ကျမကို
နှစ်ပေါင်းများစွာကြာအောင် အကျယ်ချုပ်ထားနိုင်တယ်ဆိုတာကိုလည်း သူတို့ဘဲ
ဆုံးဖြတ်တယ် ။ ဒီလိုနဲ့ဘဲ ပထမအကြိမ်က ၆ နှစ် ၊ ဒုတိယအကြိမ်က ၂ နှစ် ၊
နောက်ဆုံးအကြိမ်ကတခါ ၆ နှစ် အကျယ်ချုပ်မှာ နေလိုက်ရပါတယ် ။

ထောင်ထဲက ကျမ လုပ်ဖော်ကိုင်ဖက်ပါတီဝင်တွေထက်စာရင် ကျမရဲ့ အိမ်အကျယ်ချုပ်က
အများကြီးသက်သာပါသေးတယ် ။ သူတို့ကို ထောင်ထည့်ပို့လိုက်တဲ့ Section 5
ဆိုတဲ့ ဥပဒေကလည်း လူ့အခွင့်အရေးချိုးဖောက်ရာမှာ အတူတူပါဘဲ ။ အဲဒီ Section
5 မှာ ခပ်ဆန်းဆန်း အပိုင်းလေးတစ်ပိုင်းကလည်း ပါသေးတယ် .....အဲဒါကတော့
နိုင်ငံတော်အစိုးရကို အကြည်ညိုအချစ်ခင်ပျက်စေသူကို Section 5 နဲ့ ချလို့
ရသတဲ့ ။ ( ရယ်သံများ ) ဒီတော့ ကျမမေးချင်တာက တစ်စုံတရာအပေါ် လူတစ်ယောက်ရဲ့
ချစ်ခင်မှု လျော့သွားစေတယ်ဆိုတာကို ဘယ်လို တိုင်းတာဆုံးဖြတ်ပါသလဲ ။
အင်မတန် မသေချာ မရေရာတဲ့ ဥပေဒဆိုတော့ ဘယ်သူ့ကိုမဆို အဲဒီအောက်မှာ
ဆွဲထည့်ပစ်လို့်ရနေတယ် ။ ဒါကြောင့်ဘဲ ကျမတို့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ
Rule of Law ဆိုတာကို ရှေ့ဆုံးက တင်ပြီး ၀င်ပြိုင်ဖို့
ဆုံးဖြတ်လိုက်တာပါဘဲ ။

ရွေးကောက်ပွဲမှာ ၄၄ နေရာမှာ ကျမတို့က ၄၃ နေရာနဲ့ နိုင်ခဲ့ပြီး လွှတ်တော်ထဲ
ရောက်လာပါတယ် ။ အဲဒီထဲရောက်ပြီးကတည်းက ကျမကို လွှတ်တော်ဥက္ကဌက ''
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ '' မှာ
ဥက္ကဌလုပ်ခွင့်ပေးပါတယ် ။ ( ရယ်သံများ ) ။ ရှင်တို့ ရယ်ကြမယ်ဆိုတာ
ကျမသိပါတယ် ။ ကျမအဲလို Rule of Law and Tranquility Committee လို့
ပြောရင် လူတိုင်း ပြုံးတတ်ကြတယ်။...........ဒါပေမယ့် ရှင်တို့
တွေးမိတာလေးက ကောင်းတဲ့အတွေးပါ ( ရယ်သံများ ) ။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ
ဥက္ကဌ ( ဓါတ်ပုံ-ကိုမောပြေ)

တိုင်းပြည်ထဲမှာ ဥပဒေစိုးမိုးရေးကို တကယ်ကျင့်သုံးစေဖို့
ခြေလှမ်းတစ်ရပ်အနေနဲ့ ကျမတို့ဟာ အငြိမ်းစားယူထားတဲ့ တရားသူကြီးတွေ ၊
အတွေ့အကြုံရင့်တဲ့ ရှေ့နေတွေနဲ့ ဆွေးနွေးပွဲ လုပ်ခဲ့ကြတယ် ။
တိုင်းပြည်ထဲမှာ ဥပဒေပြန်စိုးမိုးလာစေဖို့ ဘာတွေလိုအပ်မလဲဆိုတာ သိအောင်ပါ


'' ပြန်စိုးမိုးလာဖို့ '' ဆိုတဲ့ စကားကို သုံးရတာက အရင်တုန်းက
နိုင်ငံတွင်းမှာ ဥပဒေစိုးမိုးမှု ရှိခဲ့ပါတယ် ။ တရားသူကြီးဟောင်းတွေ
ရှေ့နေဟောင်းတွေထဲက တစ်ယောက်က လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာပြည်သူတွေ
ခံစားခွင့်ရဖူးတဲ့ လွတ်လပ်ညီမျှတဲ့ တရားရေးမဏ္ဍိုင်အကြောင်းကို
ပြောပြပါတယ်....။ အဲဒီတုန်းက ကျမတို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို
ကျင့်သုံးခဲ့ပြီး တရားရေးဘက်မှာ အတော်ကို လွတ်လွတ်လပ်လပ် ရှိပါတယ် ။

မြန်မာ့တရားရေးမဏ္ဍိုင်ရဲ့ သမိုင်းကို ဖတ်ချင်ရင် Yale တက္ကသိုလ် Law School
မှာ တက်သွားတဲ့ ဒေါက်တာမောင်မောင်ရဲ့ စာအုပ်ကို ဖတ်လို့ပါတယ် ။ သူက
မြန်မာပြည်မှာ ပထမဆုံးအာဏာသိမ်းမှုမတိုင်ခင်ကာလက Yale Foundation က
စကောလာရပြီး နှစ်နှစ်လောက် ပညာသင်ခွင့်ရခဲ့သူပါ ။ သူက ၁၉၈၈
အရေးအခင်းနောက်ပိုင်းမှာ မြန်မာပြည်သမ္မတ ခဏလေး ဖြစ်လိုက်ပါသေးတယ် ။
ဒါပေမယ့် ရာထူးမှာတော့ မကြာခဲ့ပါဘူး ။ သူ့စာအုပ်မှာ တချိန်တခါက
ရှိခဲ့ဖူးတဲ့ မြန်မာပြည်ရဲ့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်အကြောင်းကို
တွေ့နိုင်ပါတယ် ။

ဒေါက်တာမောင်မောင် ( မြန်မာနိုင်ငံသမ္မတ 19 August 1988 – မှ 18 September 1988 ထိ )

ဒါပေမယ့် စစ်တပ်အာဏာသိမ်းလိုက်တော့ ဒီလွတ်လပ်မျှတမှုလည်း
ပျောက်သွားခဲ့ရတယ် ။ ရှေ့နေကြီးတွေ တရားသူကြီးဟောင်းတွေက
ဒီလွတ်လပ်မျှတမှုကို ပြန်ရှင်သန်စေချင်ကြတယ် ။ တကယ်လည်း ဒါဟာ
အရမ်းအရေးကြီးတဲ့ အချက်တစ်ခုပါဘဲ ။ ဘာကြောင့်လည်းဆိုတော့
စစ်အုပ်ချုပ်ရေးအောက်မှာ တရားရေးဌာနဟာ
အစိုးရတွင်းအုပ်ချုပ်သူများလက်အောက်ကို လုံးဝကျရောက်နေခဲ့တယ် ။
နိုင်ငံရေးသမားတွေကို စစ်ဆေးတဲ့အခါမျိုးတွေမှာ တရားသူကြီးမင်းတွေဟာ
စာအိတ်ကလေးတစ်ခုသူတို့ ရှေ့ကိုရောက်လာဖို့ ပေါ်တင်ဘဲ စောင့်ကြပါတယ်
......အဲဒီစာအိတ်ကလေးထဲမှာမှ တရားခံကို ဘယ်နှစ်နှစ်ချပါဆိုတဲ့
အမိန့်ပါတာကိုး ။ အဲဒီတော့မှ အဲဒီအမိန့်မှာ ပါတဲ့ နှစ်အတိုင်း
တရားသူကြီးက ဘယ်နှစ်နှစ်ဆိုပြီး အမိန့်ချတာ ။

ကျမတို့ပါတီဝင်တွေကို ကျမတို့မှာ သင်တောင်
သင်ထားရတယ်......လာဖမ်းတဲ့လူတွေကို ဘာအတွက်နဲ့ ဖမ်းတာလဲ ဆိုတာရယ် ၊
ဖမ်းမိန့်ပါရဲ့လား ဆိုတာရယ် မေးဖို့ ပါ ။ ကျမတို့ ပါတီဝင်တစ်ယောက်ဆိုရင်
လာဖမ်းတော့ ဖမ်းတဲ့လူတွေကို မေးတယ် .........ဖမ်းဝရမ်းပါသလား ၊ ဘာအမှုနဲ့
ဖမ်းတာလဲ ပေါ့ ။ အဲဒီတော့ လာဖမ်းတဲ့လူကပြန်ဖြေတယ် '' ခင်ဗျား ဘာတွေ
ရယ်စရာလာပြောနေတာလဲ ။ ခင်ဗျား ထောင်ဘယ်နှစ်ကျမယ်ဆိုတာတောင် ကျုပ်တို့
ဆုံးဖြတ်ပြီးပြီ '' တဲ့ ။ ( ရယ်သံများ )

မြန်မာပြည်ရဲ့ တရားဥပဒေစိုးမိုးမှုဆိုတာ ဒါပါဘဲ.... ။ အဲဒီလာဖမ်းတဲ့သူက
ဒီလိုကိစ္စမျိုးဟာ သူတို့အတွက် လုပ်ဖို့ အခွင့်အရေးအပြည့်အ၀ရှိတယ်လို့
လုံးဝယူဆထားတယ် ။ သူပြန်ဖြေတာကလည်း တကယ်တော့
တရားဥပဒေအတိုင်းလုပ်ဖို့ဆိုတဲ့ မိုက်မိုက်မဲမဲ အလုပ်တွေကို
လျှောက်လုပ်မနေနဲ့ ဆိုပြီး ကျမတို့အဖွဲ့ဝင်သိအောင် ပြောပြရုံလေးဘဲ
....မြန်မာပြည်မှာ ဥပဒေဆိုတာ အာဏာရှိသူအတွက်သာ အလုပ်လုပ်ပေးတာ မဟုတ်လား ။
အဲဒါကဘဲ ကျမတို့မြန်မာပြည်သူပြည်သားတွေအတွက် Rule of Law မရှိမှု ဆိုတာ
ဘာလဲလို့ ဖော်ပြနေတာဘဲ ။ ဥပဒေဆိုတာ အာဏာရှိသူအတွက်သာဖြစ်ပြီး
ပြည်သူတွေကို ကာကွယ်ဖို့ မဟုတ်ဘူး ။ ပြည်သူတွေရဲ့
ဒီမိုကရေစီအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ရှိမနေဘူး ။ စစ်အစိုးရကလည်း
ဒီမိုကရေစီအခွင့်အရေးတွေဆိုတာကို ယုံတာမှ မဟုတ်တာလေ ။

ဒါပေမယ့် အခု ကျမအနေနဲ့ ဥပဒေစိုးမိုးရေးကော်မတီရဲ့ ဥက္ကဌဖြစ်လာပြီးဆိုတော့
ပြည်သူလူထုယုံကြည်မှုကို ရတဲ့ တရားရေးမဏ္ဍိုင်တစ်ခုကို ပြန်တည်ဆောက်ဖို့
လက်တွေ့လုပ်ဆောင်မှုတွေကို လုပ်ရပါမယ် ။ ကျမတို့ မြန်မာနိုင်ငံသားတွေက
တရားဥပဒေကို ယုံမှ မယုံကြတော့တာလေ ။ ဒီမိုကရေစီဆိုတာ
အစိုးရအာဏာပိုင်တွေရယ် ၊ လွှတ်တော်ရယ်နဲ့ တရားရေးမဏ္ဍိုင်ဆိုတဲ့ အကိုင်းအခက်
( ၃ ) ရပ်ကြားမှာ မျှအောင် ရပ်တည်ရတာပါ ။ အခုကျမတို့မှာ မယ်မယ်ရရပြောဖို့
တရားရေးမဏ္ဍိုင်ဆိုတာတောင် မရှိပါဘူး ။ ဘာကြောင့်လည်းဆိုတော့
စစ်အစိုးရလက်အောက်မှာ တရားရေးမဏ္ဍိုင်ဟာ စိစိညက်ညက်ကြေအောင်
အလုပ်ခံလိုက်ပြီလေ ။

ခုနကပြောတဲ့ အစည်းအဝေးမှာ ကျမတို့ရဲ့ အကြံပေးတချို့ ပြောတာက
လွှတ်လပ်မျှတတဲ့ တရားရေးမဏ္ဍိုင်ကို ပြန်လည်တည်ဆောက်ယူဖို့
အကောင်းဆုံးနည်းလမ်းက တရားသူကြီးအလောင်းအလျာတွေကို သင်ကြားပေးဖို့ဘဲ တဲ့
။ ရှေ့နေဟောင်းကြီးတစ်ယောက်ပြောတယ် ......မြန်မာပြည်မှာ
ဥပဒေစိုးမိုးမှုမရှိတာဟာ ဥပဒေရေးရာမှာ ကျွမ်းကျင်တဲ့ ပညာရှင် ရှေ့နေတွေ
မရှိတော့လို့ဘဲ လို့ ဆိုပါတယ် ။ ဒါကြောင့်ဘဲ မြန်မာနိုင်ငံက
တရားရုံးတွေမှာ လာဘ်စားမှုတွေ အကြီးအကျယ်ရှိနေတာပေါ့ လို့လည်း ပြောပါတယ်
။ ဒါကြောင့် ပညာတတ်ရှေ့နေတွေကို မွေးထုတ်ပေးမှဘဲ လက်ရှိအခြေအနေကို
ကယ်တင်နိုင်မယ်လို့လည်း သူက ဆိုပါတယ် ။ ကျမကတော့ အဲဒီလို တွေးတာဟာ
သိပ်ရိုးစင်းလွန်းတယ်လို့ ထင်ပါတယ် ။ နှစ်ပေါင်းများစွာ
အကျင့်ပျက်ခြစားမှုတွေကိုပျောက်အောင်လုပ်ဖို့ ဆိုတာ အဲလောက် မလွယ်ပါဘူး ။
အကျင့်ပျက်နေပြီးတဲ့ တရားသူကြီးတွေဟာ Yale တက္ကသိုလ်လိုနေရာက
စပယ်ရှယ်သင်တန်းတွေ လာတက်ရုံနဲ့ အကျင့်ပြန်ကောင်းသွားမှာမှ မဟုတ်တာ (
ရယ်သံများ )

ဒီတော့ ဒါဟာ ပညာကောင်းကောင်းတတ်တာတစ်ခုတည်းနဲ့ မဆိုင်ပါဘူး ။ သဘောထား
attitude ၊ စိတ်ထား mindset တွေနဲ့လည်း ဆိုင်တဲ့ ကိစ္စဖြစ်တယ် ။
နှစ်ပေါင်းများစွာကြာအောင် တရားသူကြီးတင်မကဘူး .....သာမန်ဝန်ထမ်းတွေကလည်း
အရမ်းကို အကျင့်ပျက်ခြစားနေလာခဲ့ကြတယ် ။ အကျင့်ပျက်ရတဲ့ အကြောင်းကို
စပြောရရင် လစာမလောက်တာက စတာဘဲ ။ ဒီတော့ လူလူသူသူနေနိုင်ဖို့ အရေး ၊
ကိုယ့်သားသမီးကို ပညာသင်ပေးဖို့ အရေးတွေအတွက် လာဘ်ကို တောင်းကြတော့တာဘဲ ။
ရလည်း ရကြတယ်လေ ။ ဒီတော့ အဲလို အကျင့်ပျက်ခြစားတဲ့ ဘ၀နဲ့
ရင်းနှီးလာတဲ့လူဟာ သန့်ရှင်းတဲ့ လမ်းကြောင်းကို ပြန်လှည့်ဖို့ဆိုတာ
မလွယ်တော့ဘူး။

ဟိုးအရင်က လခမဆိုးတဲ့ ၀န်ထမ်းတစ်ယောက်ဟာ လူတန်းစေ့နေနိုင်တယ် ။ သူ့မှာ
နေဖို့ အိမ်ရှိတယ် ၊ စီးဖို့ကားရှိတယ် ။ ကလေးတွေကို ကျောင်းကောင်းကောင်း
ထားနိုင်ခဲ့တယ် .။ သူနေတဲ့ ပတ်ဝန်းကျင်မှာ လေးစားခံရတယ် ။ ဟိုအရင်ခေတ်က
ဝန်ထမ်းရဲ့ ဘ၀ဟာ ဒီလောက်ပါဘဲ ။ လာဘ်ပေးလာဘ်ယူခေတ်အတွင်းကျတော့ တချို့သော
အစိုးရ၀န်ထမ်းတွေဟာ သိပ်ချမ်းသာလာကြတယ် ၊ အိမ်တွေများစွာပိုင်လာတယ် ။
ကားတွေတစ်စီးထက်မက ရှိလာတယ် ။ ကလေးတွေဆိုလည်း သူများမရတဲ့
အခွင့်အရေးမျိုးမျိုးကို ခံစားရတယ် ။ ဒီတော့ ဒီလူတွေကို လမ်းဟောင်းကို
ပြန်သွားဖို့ မျှော်လင့်ရမှာ သိပ်မလွယ်ပါဘူး ။ အခုနေအခါ သူတို့ကို
လုံလောက်တဲ့ လခတစ်ခုပေးရင်တောင်မှ....လခဆိုတာ လူတန်းစေ့နေနိုင်မယ့်
လခမျိုးပေါ့လေ .....သူဌေးလခမျိုးတော့ မဟုတ်ဘူးပေါ့ ......အဲလို
လူလူသူသူနေနိုင်မယ့် လခမျိုးပေးရင်တောင်မှ သူတို့ ကျေနပ်မှာ မဟုတ်ဘူး ။
ဘာကြောင့်လည်းဆိုတော့ အကျင့်ပါသွားပြီလေ ။

ဒီတော့ သူတို့ကို reeducation လုပ်ပေးရမယ်ဆိုတာ ပြန်လည်
ပညာသင်ပေးခြင်းတစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘူး ။ သဘောထား attitude တွေ ၊
စိတ်ထား mindset တွေကိုလည်း reeducation လုပ်ပေးရမယ် (
ပြန်လည်လေ့ကျင့်ပျိုးထောင်ပေးရမယ် ) ။ ဒီလို ဇိမ်ကျနေတဲ့ ဘ၀တွေနဲ့
အကျင့်ပါနေတဲ့သူတွေကို သင့်တော်တဲ့ စားဝတ်နေရေးတစ်ခုနဲ့ လူရိုသေ
ရှင်ရိုသေပြီး သန့်ရှင်းတဲ့ ဘ၀တစ်ခုကို နေတတ်ဖို့ ဘယ်လို သင်ပေးကြမလဲ
...... ဒါဟာ တကယ်ခက်တဲ့ အလုပ်ပါဘဲ ။

အဲဒီမှာတခါ Rule of Law ဆိုတာ ပါလာပြန်ပါတယ် ။ သင့်တော်တဲ့
အရေးယူမှုတွေဆိုတာ လုပ်ကို လုပ်ရမယ် ။ '' မင်းတို့ကို အခု သင့်တော်တဲ့
လခတစ်ခုပေးမယ် ၊ ဒါနဲ့ မျှတအောင်နေ '' လို့ ဆိုရုံနဲ့ မလုံလောက်တော့ပါဘူး
။ အကျင့်ပျက် ၀န်ထမ်းတွေ ၊ အကျင့်ပျက်တရားသူကြီးတွေကို အရေးယူမယ့်
ဥပဒေတွေ ကျမတို့မှာ ရှိရပါမယ် ။ ဒီတော့ တရားဥပဒေစိုးမိုးမှုကနေ
နောက်ထပ်တရားဥပဒေစိုးမိုးမှုတစ်ခုကို မွေးဖွားသွားပေးပါလိမ့်မယ် ။
ကျမတို့ဟာ တရားရေးဘက်ကလူတွေကို ဥပဒေကို လိုက်စားလေးနာစေခြင်းအားဖြင့်
ဒီလုပ်ငန်းကို စတင်ရမှာဖြစ်တယ် ။ ဒါသိပ်တော့ လွယ်မယ့် ကိစ္စမဟုတ်ပါဘူး ။
တရားရေးဘက်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ကျမတို့မှာ အကူအညီလိုပါတယ်


ကျမတို့ ကော်မတီက ပထမခြေလှမ်းအနေနဲ့ တရားရုံးမှာ တကယ်ကျင့်သုံးနေတာတွေဟာ
ဘာတွေလဲဆိုတာကို သိဖို့ အမှုသုံးခုကို လေ့လာကြည့်ခဲ့ပါတယ် ။ တရားသူကြီးက
ဘယ်လို ကျင့်ကြံသလဲ ၊ အစိုးရရှေ့နေက ဘယ်လို ပြုမူသလဲ ၊ အမှုသည်တွေက
ဘယ်လို တရားမျှတမှုမျိုးကို မျှော်လင့်သလဲ စသည်ဖြင့်ပေါ့ ။ ဒီလို
လက်တွေ့အလုပ်တွေကို ကျမတို့ လုပ်မှလည်း နောက်ပိုင်းမှာ
သက်ဆိုင်ရာဌာနတွေကို အကြံပေးလို့ရမှာပါ ။ ပြည်ထဲရေး ၊ ကာကွယ်ရေး ၊
အစိုးရရှေ့နေရုံး ၊ ပြည်ကြားရေးဌာန ....ဒါတွေအကုန်လုံးဟာ မြန်မာပြည်မှာ
ကျမတို့ Rule of Law ကို တည်ဆောက်ဖို့အတွက် အင်အားစိုက်ထုတ်ရမှာပါ ။

ဒါကိုသာလုပ်နိုင်ရင် ကျမတို့တိုင်းပြည်အတွက်
အကြီးအကျယ်အောင်မြင်မှုတစ်ခုကို ရမှပါဘဲ ။ ဥပဒေစိုးမိုးမှု
တိုင်းပြည်တွင်းမှာ ရှိပြီလို့ ပြောလာနိုင်တဲ့တစ်နေ့ကျရင်
ဒီမိုကရေစီလမ်းစဉ်ဟာလည်း အောင်မြင်ပြီလို့ ပြောလို့ရမှာ ဖြစ်ပါတယ် ။
အဲဒီမရောက်သေးသရွေ့ကတော့ အောင်မြင်ပြီလို့ ပြောလို့ မရနိုင်ပါဘူး ။
ကျမတို့ အခု လွှတ်တော်ထဲမှာ ဥပဒေတွေကို ပြုနေရုံနဲ့ မပြီးသေးပါဘူး ။
ဒီဥပဒေတွေဟာ မှန်ကန်မျှတမှု ရှိရမယ် ၊ မှန်ကန်မျှတမှု ရှိနေရုံနဲ့လည်း
မပြီးသေးဘဲ လေးစားလိုက်နာမှု ရှိရဦးမှာ ဖြစ်တယ် ။ သင့်တော်တဲ့
လမ်းစဉ်ရှိရမှာ ဖြစ်သလို မျှတတဲ့ ဥပဒေတွေလည်း ရှိရမယ် ။

အဲဒီအချိန်ထိ မရောက်သေးသရွေ့ကတော့ ကျမတို့ဟာ စိတ်ချရတဲ့
ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ပြီလို့ ပြောလို့ မရသေးပါဘူး ။ လူတွေက
ကျမကို မေးလေ့ရှိကြတယ် ၊ '' နောက်ပြန်မလှည့်မယ့်
ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီလား '' တဲ့ ။ ကျမကတော့
မရောက်သေးဘူး လို့ဘဲ ဖြေပါတယ် ။

ဘာကြောင့်လည်းဆိုတော့ အရင်ဆုံးပြောရရင် အခြေခံဥပဒေက ကြားထဲ ခံနေတယ် ။
အခြေခံဥပဒေက စစ်တပ်ကို လွန်လွန်ကဲကဲ အာဏာတွေ အပ်နှင်းထားတယ် ။ စစ်တပ်က
ဒီအာဏာတွေ ပိုင်ဆိုင်နေသမျှ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကိ
ရောက်တယ်လို့ ကျမတို့ပြောလို့ မရပါဘူး ။

ဒါကြောင့်ဘဲ ကျမတို့က တရားဥပဒေစိုးမိုးရေးရယ် ၊ တိုင်းရင်းသားပဋိပက္ခတွေ
အဆုံးသတ်ရေးရယ် ၊ အခြေခံဥပဒေကို ပြင်ဆင်ရေးရယ် သုံးချက်ကို
ဒွန်တွဲထားတာပါ ။ ဒါတွေအားလုံးဟာ ဆက်စပ်နေပါတယ် ။ ဒီမိုကရေစီကို
ပြန်လည်ရချင်တယ်ဆိုရင် ဒီသုံးခုကို ရကို ရမှဖြစ်မယ် ။ ဒီသုံးခုမှာ
တစ်ခုမရှိရင် နောက်နှစ်ခုလည်း အလုပ်မဖြစ်ပါဘူး ။ အခြေခံဥပဒေကို မပြင်ဘဲ
ဥပဒေစိုးမိုးရေးနဲ့ တိုင်းရင်းသားငြိမ်းချမ်းရေးဆိုတာမရနိုင်သလို
ဥပဒေစိုးမိုးမှုမရှိဘဲနဲ့ တခြားနှစ်ခုကိုလည်း မရနိုင်ပါဘူး ။ ဒီလို
ဆက်စပ်နေတာကြောင့်လည်း ကျမတို့ဟာ ဥပဒေစိုးမိုးရေးကို ပြန်ရဖို့ဆိုတာကို
အရမ်းကို အလေးထားဆောင်ရွက်နေကြတာပါဘဲ ။ ဒါဟာ ဘာကိုဆိုလိုတာလည်းဆိုတော့
ကျမတို့ ပြည်သူတွေဟာ တိုင်းပြည်ရဲ့ ဥပဒေဘောင်အတွင်းမှာ ဒီထက်ပိုပြီး
လုံခြုံစိတ်ချစွာနေလို့ရရပါမယ် ။

'' တရားဥပဒေစိုးမိုးမှု Rule of Law '' ဆိုတာ '' ဥပဒေနဲ့ အုပ်ချုပ်ခြင်း
Rule by Law '' ဆိုတာနဲ့ မတူမှန်း ဒီက ဥပဒေကျောင်းသားတွေကို
ရှင်းပြနေစရာမလိုဘူးလို့ ကျမထင်ပါတယ် ။ ဥပဒေတွေချည်းရှိရုံနဲ့ မရဘဲ
မျှတတဲ့ ဥပဒေ Just Laws တွေလည်း ရှိဦးမှ ဖြစ်မှာပါ ။

ဒီတော့ မြန်မာပြည်ဟာ လမ်းအစမှာဘဲ ရှိပါသေးတယ် ။ ပြီးတော့ ဒီလမ်းဟာ
ကျမတို့ သွားရမယ့် အခက်ခဲဆုံးလမ်းတစ်လမ်းဆိုတာကိုလည်း ကျမ မကြာခဏ
သတိပေးပါတယ် ။ လူတော်တော်များများက တကယ့်အပြောင်းအလဲကြီးတစ်ခုဖြစ်ခဲ့ပြီ
လို့ ထင်ကြပါတယ် ။ ကျမကတော့ အဲဒီလို ပြောလို့ ရမယ်မထင်ပါဘူး ။ အဲဒီ
အပြောင်းအလဲကောင်း breakthrough ကြီးကို ရဖို့ အခွင့်အရေးပေးခံရတာပါ ။
ဒါကြောင့် ကျမကတော့ အဲဒီ အပြောင်းအလဲကောင်းကြီးကို '' ရနိုင်တယ် ''
လို့ဘဲ ပြောပါတယ် ။ ရသေးတာမဟုတ်သေးပါဘူး ။ ရအောင်လုပ်ဖို့
အခွင့်အရေးရတာဘဲ ရှိပါသေးတယ် ။
အဲဒီအပြောင်းအလဲကောင်းကို ရအောင်ဖန်တီးရာမှာ ကျမတို့မှာ အဘက်ဘက်က
အကူအညီလိုပါတယ် ။ ဒီတော့ အခုလို စကားပြောခွင့်ရတာလေးကို
အခွင့်ကောင်းယူပြီး ပြောပါရစေ......... မြန်မာပြည်
တရားဥပဒေစိုးမိုးရေးပြန်လည်တည်ဆောက်ရာမှာ ကျမတို့ကို လူကြီးမင်းတို့က
ကူညီပေးကြပါ ။ ကျမတို့မှာ ကျွမ်းကျင်တဲ့ တရားသူကြီးတွေလိုပါတယ် ။
ကျွမ်းကျင်တဲ့ ရှေ့နေတွေလိုပါတယ် ။ ကျမတို့တက္ကသိုလ်တွေမှာ
ဥပဒေကျောင်းကောင်းကောင်းတွေ လိုနေပါတယ် ။

ကျမတို့ တရားရေးဌာနက လူတွေနဲ့ ဒီမိုကရေစီကို တကယ်ကျင့်သုံးတဲ့
တိုင်းပြည်တွေရဲ့ တရားရေးဌာနတွေကလူတွေကြား အဆက်အသွယ်တွေ လိုပါတယ် ။
လိုနေတာတွေတော့ တကယ့်ကို အများကြီးပါဘဲ ။ အခွင့်အရေးဆိုတဲ့ rights တွေနဲ့
တာဝန်ယူတတ်မှုဆိုတဲ့ responsibility တွေ အကြောင်းကိုလည်း ကျမတို့
ပြည်သူတွေ သေသေချာချာ ရေရေလည်လည် သိအောင် ပညာပေးမှုတွေ လိုအပ်နေပါတယ် ။
>>>Read more>>> >>

Saturday 25 February 2012

အိမ်ဖြူတော်မှ ပန်းနက်တစ်ပွင့်

အမေရိကန်၏ ပထမဆုံးလူမဲ အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် သို့မဟုတ် အိမ်ဖြူတော်မှ ပန်းနက်တစ်ပွင့် (အပိုင်း ၁ )


၆၆ ယောက်မြောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် ( ဟီလာရီကလင်တန်၏အရှေ့)        
  •              ကွန်ဒိုလီဇာရိုက်စ် ဆိုတဲ့ နာမည်ကို ကြားရင် ချစ်သူထက် မုန်းသူများမှာ သေချာသလောက်ပါဘဲ။ မုန်းဆို သူ့ကို အီရတ်စစ်ပွဲဖြစ်အောင် မွှေသူတွေထဲက တစ်ယောက်လို့ယူဆသူတွေ မနည်းဘူးကိုး။ အထူးသဖြင့် အီရပ်စစ်ပွဲမှာ ကျဆုံးသွားတဲ့ အမေရိကန်နဲ့အမေရိကန်ဘက်က၀င်တိုက်လို့ကျသွားတဲ့ဥရောပ သြစတြေးလျ စတဲ့နိုင်ငံတွေကစစ်သားတွေရဲ့ကျန်ရစ်သူမိသားစုတွေအတွက်ပေါ့။ စီအိုင်အေထောက်လှမ်းရေးသတင်းတွေက ဆာဒမ်ဟူစိန်ဆီမှာ နျူကလီးယားမရှိဘူးလို့ပြောတာကို ရိုက်စ်ကလက်မခံဘဲ ခေါင်းမာစွာနဲ့ ငြင်းခဲ့လို့စစ်ဖြစ်ရတာလို့ယုံကြည်သူတွေအများကြီးရှိတယ်။အဲဒီစစ်ကြောင့် လူတွေများစွာသေကြရသလို စစ်စရိတ်လည်း ဒေါ်လာသန်းထောင်နဲ့ချီကုန်ပြီး တိုင်းပြည်စီးပွားရေးကို အကြီးအကျယ်ထိခိုက်ခဲ့တယ်။ နောက်ပိုင်းမှာ နျူးကလီးယားလည်းမတွေ့စစ်ကြောင့်စတေးလိုက်ရတဲ့ဆုံးရှုံးမှုကလည်း မနည်းတော့ဘုရှ်အစိုးရရဲ့ ဂုဏ်သိက္ခာဟာ ကုန်းကောက်စရာမရှိအောင်ကျပြီး အကြီးအကျယ်နာမည်ပျက်ရသူတွေထဲမှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ကွန်ဒိုလီဇာရိုက်စ်က ထိပ်ဆုံးမှာပါပါတယ်။်။သူ့ကို စစ်ရာဇ၀တ်ကောင် ဆိုပြီး ဆန့်ကျင်ဆန္ဒပြပွဲတွေ အမေရိကန်နေရာအနှံအပြားမှာ ဖြစ်ခဲ့တယ်။
၂၀၀၇ မှာ အရှေ့အလယ်ပိုင်းကိစ္စနဲ့ ကွန်ဂရက်စ် မှာ အစစ်ခံဖို့ ၀င်လာတဲ့ ရိုက်စ်ကို သွေးပေတဲ့လက်လို ဖြစ်အောင် အနီသုတ်ထားတဲ့ လက်နဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူအမျိုးသမီးတစ်ဦးက စောင့်ပြီး မင်းဟာ စစ်ရာဇ၀တ်ကောင်ဘဲ လို့ အော်ဟစ်ခဲ့ပါတယ်။ လုံခြုံရေးရဲတွေက အချိန်မီတားပြီး အမျိုးသမီးကို အတင်းခေါ်ထုတ်သွားပေမယ့် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့စဉ် ။
  •             အခုထိတိုင် နိုင်ငံရေးက အနားယူသွားပေးမယ့်သူသွားလေရာမှာ ဝေဖန်မှုတွေနဲ့ မပြတ်တွေ့နေရဆဲပါ။ ဒါပေမယ့်ကောင်းတဲ့သူတိုင်း အကုန်ကောင်းနိုင်ခဲသလို ဆိုးတဲ့သူတိုင်းလည်း အကုန်ဆိုးတယ်လို့မရှိပါဘူး။ သူမဟာ လေးစားဦးညွှတ်စရာကောင်းတဲ့သူမဟုတ်ပေမယ့် အင်မတန်အနှိမ်ခံရတဲ့ လူမည်းဘ၀ကနေ ကမ္ဘာပေါ်မှာ ပါလေရာ ငါးပိချက် လူတွင်ကျယ် လုပ်နိုင်တဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးရာထူးထိ ရောက်အောင် လှမ်းတက်နိုင်ခဲ့တဲ့ အတွက် အားကျချီးကျူးသူတွေကတော့ ဒုနဲ့ ဒေးပါဘဲ။လူမဲတွေထဲက နိုင်ငံခြားရေးဝန်ကြီးတက်ဖြစ်တဲ့ ပထမဆုံးလူမဲအမျိုးသမီးဖြစ်ပါတယ်။ ကမ္ဘာကျော် တိုင်းမဂ္ဂဇင်းကြီး က နှစ်စဉ် ပြုစုတဲ့ ကမ္ဘာ့ သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်း ( list of the world's 100 most influencial people ) မှာ ၄ ကြိမ်ဖော်ပြခြင်းခံရဖူးတယ်။ ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးက ရိုက်စ်ကို  ၂၀၀၄ နဲ့ ၂၀၀၅ ကမ္ဘာ့ သြဇာအကြီးဆုံး အမျိုးသမီး ( the most powerful woman in the world ) အဖြစ် ဖော်ပြခဲ့ဖူးတယ်။

  •              အခုလက်ရှိ နိုင်ငံရေးကအနားယူသွားပေမယ့် ပညာရေးလောကမှာ ထိတ်ထိတ်ကျဲ ဟားဗတ်ကဲ့သို့တက္ကသိုလ်ကြီးတွေက တကူးတကဖိတ်ကြားခံရတဲ့နိုင်ငံရေး သိပ္ပံပညာရှင်ပါ။ သူသွားပြီး ဟောပြောတဲ့ တက္ကသိုလ်တွေမှာ အမြဲတမ်းလိုလို ခန်းလုံးပြည့်လာနားထောင်ကြသလို အခန်းပြင်ကနေ သူ့ကို ဆန္ဒပြကန့်ကွက်တဲ့သူတွေလည်း အမြဲတမ်းရှိပါတယ်။ ကဲ..ဒီလို လူတွေကို အားလည်းကျစေ မုန်းလည်း မုန်းစေတဲ့ ကွန်ဒိုလီဇာရိုက်စ်အကြောင်းကို တို့အားလုံးကို အထောက်အကူ ပြုမယ့်ဘက်ကနေ လေ့လာကြည့်ရအောင်။( သပွတ်အူလို ရှုပ်တဲ့နိုင်ငံရေးတွေကိုတော့ ခဏဘေးဖယ်ထားလိုက်ကြစို့။ စီအိုင်အေထောက်လှမ်းရေးဘာလုပ်တယ်ဆိုတာ သမ္မတတောင် အကုန်သိတဲ့ကိစ္စမဟုတ်ဘူးမဟုတ်လား။ ဒို့လို ပိစိကွေးလေးတွေကအဖို့တော့ ရှိတဲ့ဦးနှောက်လေးတွေကို အကျိုးရှိရာမှာ သုံးပြီး အတုယူစရာလေးတွေ ရှာကြည့်ရအောင်။ )
 ဟားဗတ်တက္ကသိုလ်ဟောပြောပွဲတစ်ခုမှ ရိုက်စ် ။
  • အမည်အပြည့်အစုံ    ...........ကွန်ဒိုလီဇာ ရိုက်စ် ( Condoleezza Rice )
မျိုးရိုးအမည်             .....ရိုက်စ် ( Rice )
မွေးရပ်ဇာတိ            .....ဘာမင်ဟန်မြို့ ( Birmingham ) ၊အာလာဘားမား ( Alamabama ) ပြည်နယ် ၊အမေရိကန်ပြည်ထောင်စု
မွေးသက္ကရစ်             .....၁၉၅၄ နိုဝင်ဘာ ၁၄
ပညာအရည်အချင်း    ....နိုင်ငံရေးသိပ္ပံ ( B.A and Ph.D in Political Science , University of Denver )
                            .....( M.A in Political Science ,University of Notre Dame )
ပညာရေးရာထူး        ......Professor,Provost at Standford University
နိုင်ငံရေးရာထူး         ......ဆိုဗီယက်အရေး ကျွမ်းကျင်သူ Soviet expert ( Bush Senior လက်ထက် )
                            ......သမ္မတ George W.Bush လက်ထက် နိုင်ငံတော် လုံခြုံရေး အကြံပေး National Sicurity Advisor
                            ......သမ္မတ George W.Bush လက်ထက်  နိုင်ငံခြားရေး ၀န်ကြီး Secratary of State
ကျွန်မိသားစု တစ်စု
  •                  ကွန်ဒိုလီဇာရိုက်စ်ရဲ့ အကြောင်းကို ပြောရရင် သူ့ရဲ့ လူမဲဇစ်မြစ်ကို ချန်ထားလို့မရပါဘူး။ သူ့အဖိုးအဖွားတွေဟာ ကျွန်ခေတ်မှာ မွေးတဲ့ လူမဲတွေ ဖြစ်ပြီး သူ့အဖေအမေလက်ထက်မှာလည်း ကျွန်ခေတ်မပျောက်သေးပါဘူး။ သူ့အဖေရဲ့ အဖွား ( ရိုက်စ်ရဲ့ အဖီး) ဟာ ကျွန်ပေမယ့် ကံကောင်းချင်တော့ စာဖတ်တတ်သူ ဖြစ်တယ် ။ မျက်စိတစ်ဆုံးမြင်တတ်တဲ့ ရိုက်စ်ရဲ့ အဖီးဟာ အဲဒီခေတ်မှာ ကျွန်ဖြစ်ရပေမယ့် သူ့ရဲ့ နောက်မျိုးဆက်တွေ လွတ်လပ်သူတွေအဖြစ် နေနိုင်ဖို့အတွက် ပညာရေးဟာ သိပ်အရေးကြီးတယ်ဆိုတာကို သိခဲ့တယ် ။ပညာတတ်ရင် ဘ၀ကို ပြောင်းလဲနိုင်တယ်လို့ လုံးဝယုံကြည်သူဖြစ်တယ်။ ဒါကြောင့် သူ့သားသမီးတွေအားလုံး (ရိုက်စ်အဖိုးအပါအ၀င် ) ကို စာဖတ်တတ်အောင် သင်ပေးခဲ့တယ် ။ ရိုက်စ်ရဲ့အဖိုး ဂျွန်ဟာလည်း သူ့အမေရဲ့ ကျေးဇူးကြောင့် စာဖတ်တတ်ခြင်း ဆိုတာကို အင်မတန်မှ တန်ဖိုးထားခဲ့တယ် ။ အခုဒီစာကို ဖတ်နေသူတွေအားလုံးဟာ စာဖတ်တတ်လို့သာ ဒီအကြောင်းကို ဖတ်နေတာပေါ့နော် ။ ဒီတော့ ကျမတို့ဟာ ရိုက်စ်ရဲ့ ဖိုးဖိုးဖီးဖီးတွေ တခုတ်တရ သင်ခဲ့ရတဲ့ စာဖတ်တတ်ခြင်းဆိုတာကို ပိုင်ဆိုင်ထားတယ် ။ အဲဒီ စာဖတ်တတ်ခြင်း ဆိုတာကြီးဟာ အင်မတန် တန်ဖိုးကြီးတယ်ဆိုတာမမေ့ဖို့ သတိပေးပါရစေ။ ဒီစာဖတ်တတ်ခြင်းဆိုတဲ့ သော့နဲ့ ဗဟုသုတုတံခါးပေါက်တွေကို တစ်ပေါက်ပြီးတစ်ပေါက် ဖွင့်သွားပြီး ဘ၀ကို ပြောင်းလဲနိုင်လို့ပါဘဲ။
 
  •                 ဆက်ပြောရရင် စာဖတ်တတ်တဲ့ ရိုက်စ် ရဲ့ အဖိုး ဂျွန်ဟာ လယ်ငှားလုပ်သူပါ။ နေ့စဉ်နေ့တိုင်း လယ်ထဲမှာ ရုန်းရပေမယ့် အတန်းစာဆယ်တန်းကို မဖြစ်ဖြစ်အောင် တက်ခဲ့တယ် ။ ၁၉ နှစ်သားမှာ ဂျွန်ဟာ ကောလိပ်တက်ဖို့ ဆုံးဖြတ်လိုက်တယ်။ လူမဲတစ်ယောက်ဟာ ကောလိပ်ကို ဘယ်လိုနည်းနဲ့ တက်လို့ရသလဲဆိုတာကို သူဟာ စတင်စုံစမ်းပါတော့တယ်။ ဒီတော့ သူတို့နေတဲ့ မြို့လေးနဲ့ မိုင် ၃၀ လောက်အကွာမှာ ဘာသာရေးကောလိပ်တစ်ခုရှိတယ်ဆိုတာကို သိလာတယ် ။ ဒီတော့သူဟာ အဲဒီမှာ ပထမနှစ်ကို သွားတက်တယ်။ ပထမနှစ်စာသင်ခအတွက် သူလယ်ကထွက်တဲ့ ၀ါဂွမ်းကို ပေးလိုက်ရတယ် ။ ဒုတိယနှစ်ကျတော့ ပေးစရာ ၀ါဂွမ်းမကျန်တော့ဘူး ။ကျောင်းကလည်း သူ့ကို ဒီအတိုင်းတော့ အလကားပေးမတက်နိုင်ဘူးလို့ ပြောလာပါတယ် ။ဒီတော့ သူဟာ အခကြေးငွေမပေးရဘဲ ကောလိပ်ဆက်တက်ရမယ့်နည်းကို စုံစမ်းကြည့်တော့ သင်းအုပ်ဆရာလုပ်ရင်တော့ ပညာသင်ဆုကို ရနိုင်တယ်လို့ပြောကြတယ်။ ဒီတော့သူက --ဟာ ..အတော်ဘဲ ။ ကျနော်လည်း သင်းအုပ်ဆရာ လုပ်ချင်နေတာနဲ့ --ဆိုပြီး ချော်လဲရောထိုင်လုပ်လိုက်ပါသတဲ့ ။ဒီလိုနဲ့ဘဲ သူ ဟာ ပညာတတ်ချင်တဲဇောနဲ့ သင်းအုပ်ဆရာဖြစ်လာတယ် ။ သူ့ရဲ့ပညာရေးကို အင်မတန် တန်ဖိုးထားခဲ့ခြင်းဟာ ရိုက်စ်အပါအ၀င် နောက်ပိုင်းမျိုးဆက်တွေ ထိတ်ထိတ်ကြဲ ပညာတတ်ဖြစ်လာရခြင်းရဲ့ အဓိက အကြောင်းတစ်ခုပါဘဲ ။ ရိုက်စ်တစ်ယောက်တင် အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းရာထူးမျိုးကို ရခဲ့တာမဟုတ်ပါဘူး။ သူ့ရဲ့ မောင်နှမ၀မ်းကွဲတွေထဲမှာ ရှေ့နေတွေ၊ ကမ္ဘာ့ဘဏ်ရဲ့ ထိတ်တန်းနေရာရထားသူတွေ၊ တက္ကသိုလ်ဆရာဆရာမတွေ ပါပါတယ်လို့ ရိုက်စ်က အင်တာဗျုးတွေမှာ မကြာခဏ ပြောလေ့ရှိတယ် ။
 ကျွန်ခေတ် ၀ါခင်းထဲမှ လူမဲကျွန်များ

  •                  ဂျွန်ဟာ သင်းအုပ်ဆရာပေမယ့် ဘာသာရေးကိုချည်း ဟောပြောနေတာမျိုးမဟုတ်ဘဲ သူ့ဘုရားကျောင်းလေးရဲက ဘေးမှာ Sunday School ဖွင့်ပြီး ကလေးတွေကို ပညာသင်ပေးတယ်။ သူပြောင်းရတဲ့ နေရာတိုင်းမှာ ဘုရားကျောင်းဘေးမှာ Sunday School ကို မဖြစ်မနေဖွင့်တယ်။ သူကိုယ်တိုင် ကျောင်းဆရာဆရာမတွေနဲ့ သွားပြီး ညှိနှိုင်းတိုင်ပင်တယ်။ကလေးကို ကျောင်းမထားတဲ့ မိဘတွေရဲ့အိမ်ကို ကိုယ်တိုင်သွားပြီး ကလေးကိုကျောင်းထားဖို့ပြောတယ်။ ကလေးတွေအတွက်ပညာသင်ဆုရအောင် လုပ်ပေးတယ်။ ဆရာ ဆရာမတွေကလည်း သူ့ရဲ့ Sunday School မှာလာပြီး ကူညီကြတယ်။

  •                 သူ့သားသမီးအရင်းတွေဖြစ်တဲ့ရိုက်စ် အဖေနဲ့ အဒေါ်တို့ ပညာတတ်ဖြစ်လာတယ်ဆိုတာ ပြောဖို့လိုမယ်မထင်တော့ပါဘူးနော် ။ရိုက်စ်အဖေက ကောလိပ်တတ်ပြီး သင်းအုပ်ဆရာဖြစ်လာပြီး ပညာဖြန့်ဖြူးရေးအလုပ်ကို ဆက်လုပ်ခဲ့တယ်။ ရိုက်စ်ရဲ့ အဒေါ် တေရေဇာ ကတော့ ပညာအရာမှာပိုပြီး လျှမ်းလျှမ်းတောက် ဖြစ်ခဲ့ပါတယ် ။ဘာကြောင့်လဲဆိုတော့ သူဟာ တက္ကသိုလ်ဒီဂရီထိရခဲ့ပြီး ၁၉၅၂ မှာ အင်္ဂလိပ် ဗစ်တိုးရီးယန်းစာပေ ( Victorian literature ) နဲ့ Ph.D ဘွဲ့ကို ရခဲ့တဲ့ ပထမဆုံး လူမဲအမျိုးသမီးဖြစ်လာတယ် ။ ဗစ်တိုးရီယန်းခေတ်မှာ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ စာရေးဆရာ Charles Dickens အကြောင်းကို စာအုပ်တွေ ရေးခဲ့တယ်။
ကွန်ဒိုလီဇာ ရိုက်စ်နဲ့ သူ့အမေ

  •               ရိုက်စ်ဟာ အခု အချိန်ထိ သူ့အဖိုးအကြောင်းကို တသသ ပြောနေရတဲ့ အကြောင်းတစ်ခုရှိတယ် ။ ဒုတိယကမ္ဘာစစ်အပြီးမှာ ၂၀ ရာစုရဲ့ အကြီးဆုံး စီးပွားပျက်ကပ်ကြီးဆိုက်ရောက်လို့လူတွေငတ်ပြတ်နေချိန်မှာ ရိုက်စ်အဖိုးဟာ တစ်နေ့ တော့ရွှေရောင်ဖောင်းကြွစာလုံးတွေပါပြီး သားရေအဖုံးတပ်ထားတဲ့ရှိတ်စပီးယား၊ ဗစ်တာဟူဂို နဲ့တခြားနာမည်ကြီးစာရေးဆရာတွေရေးတဲ့ စာအုပ်ကြီးကိုးအုပ်ပိုက်ပြီး ၀မ်းသာအားရ အိမ်ပြန်လာတယ်။ သူ့မိန်းမဖြစ်သူက ခေတ်ပျက်ကြီးထဲမှာ မိသားစုစားဝတ်နေရေးကို စီမံနေရသူပီပီ အဲဒါတွေ ရှင်ဘယ်လောက်ပေးပြီး ၀ယ်လာတာလဲ လို့ အလန့်တကြားမေးပါတယ် ။ ဒေါ်လာ ၉၀ ပါတဲ့ ( လွန်ခဲ့တဲ့ အနှစ် ၈၀ လောက်က ဒေါ်လာ ၉၀ ရဲ့ တန်ဖိုးကို မှန်းကြည့်ပါ )။ စိတ်မပူပါနဲ့ မိန်းမရယ် ။တစ်လ ၃ ဒေါ်လာနှုန်းနဲ့ သုံးနှစ်လောက် ဆပ်ရင် ကျေသွားမှာပါ တဲ့ ။ သူ့မိန်းမက အတင်းပြန်သွားပေးခိုင်းပေမယ့် သူခေါင်းမာစွာနဲ့ ယူထားလိုက်တယ် ။အဲဒီစာအုပ်တွေထဲက အသက်နဲ့ကိုယ် မြဲနေခဲ့တဲ့ ငါးအုပ်ဟာ အခုထက်ရှိ Standford တက္ကသိုလ်က ရိုက်စ်ရဲ့ ရုံး ဧည့်ခန်းထဲက စားပွဲပေါ်မှာ ရှိနေပါသေးတယ် ။ ရိုက်စ် နိုင်ငံရေး သိပံ္ပနဲ့ Ph.D ရတဲ့နေ့မှာ ရိုက်စ် အဖေက ဒီစာအုပ်တွေကို လက်ဆောင်အနေနဲ့ လက်ဆင့်ကမ်းခဲ့တာပါ ။

ဖေဖေ မေမေ နဲ့ ရိုက်စ်
  •             ရိုက်စ် အမေဘက်ကလည်း ပညာနဲ့ပတ်သက်ရင် မခေပါဘူး။ ရိုက်စ် အမေဖက်က အဖိုးဟာ ကောလိပ် ပညာတတ်တော့မဟုတ်ခဲ့ဘူး။ ဒါပေမယ့်စီပွားရေးတော့ အမျိုးမျိုးလုပ်တတ်ခဲ့တယ်။ ကျောက်မီးသွေးကျင်းမှာ အင်ဂျင်နီယာအဖြစ်လုပ်ခဲ့ပြီး ပိတ်ရက်တွေမှာ အိမ်တွေလိုက်ဆောက်ပေးတယ် ။အခါအာလျော်စွာလည်း ပန်းပဲအလုပ်ကို လုပ်လေ့ရှိတယ် ။ ရိုက်စ်အဖွားကတော့ သူ့ခေတ်မှာဆို ပညာတတ်လို့ ပြောလို့ရပါတယ်။ ဂီတကျောင်းဆင်းဖြစ်ပြီး စန္ဒရားကို ကျွမ်းကျွမ်းကျင်ကျင်သင်ယူတတ်မြောက်ခဲ့တယ်။ သူတို့ခေတ်မှာ ဒီလောက်တတ်တာဟာ နည်းတဲ့အဆင့်မဟုတ်ပါဘူး။
အမေနဲ့ အဖွားကဲ့သို စန္ဒရားဝါသနာပါသူ
  •              ဒီနေရာမှာ ရီစရာလည်းကောင်း အတုယူစရာလည်း ကောင်းတဲ့အဖြစ်တစ်ခုရှိပါတယ်။ ရိုက်စ်အမေမှာ မောင်နှမငါးယောက်ရှိတာ နှစ်ယောက်ဘဲ ပညာကို တည့်တည့်မတ်မတ် ရှောရှော ရှူရှူ ဆုံခန်းတိုင်ခဲ့တယ်။ နောက်သုံးယောက်ဖြစ်တဲ့ ရိုက်စ်ရဲ့ဦးလေးနှစ်ယောက်နဲ့ အဒေါ်တစ်ယောက်ဟာ ပညာတစ်ပိုင်းတစ်စမှာ လမ်းလွဲမလိုဖြစ်ခဲ့တယ် ။ အကြောင်းကတော့ ရိုက်စ်ရဲ့ ဦလေးတစ်ယောက်ဟာ ကောလိပ် တစ်ဝက်တစ်ပျက်မှာ အိမ်ထောင်ကျ ကလေးတစ်ယောက်ရပြီး တခြားနယ်ကို စီးပွားရှာဖို့ထွက်သွာခဲ့ပါသတဲ့။ သားသမီးတွေအားလုံး ပညာတတ်ဖြစ်ရမယ်လို့စိတ်ပိုင်းဖြတ်ထားတဲ့ ရိုက်စ် အဖိုးဟာ သူ့သားထွက်သွားတဲ့ ပင်စာဗေနီးယားပြည်နယ်ထိ တကူးတကကို ပြန်လိုက်ခေါ်ပြီး ကောလိပ်ကို ပြန်အပ်ခဲ့တယ်။ ပညာသင်ဆုလျောက်ပေးခဲ့တယ် ။ဒီလိုနဲ့ရိုက်စ် ဦလေးဘွဲ့ရသွားခဲ့တယ်။ နောက်ဦးလေးတစ်ယောက်ကလည်း တက္ကသိုလ်ကို ရောက်ပြီးမှ တစ်ဝက်တစ်ပျက်နဲ့ ကျောင်းထွက်သွားပြန်ပါတယ် ။ရိုက်စ်တို့ အဖိုးဟာ အရင်နည်းအတိုင်း သားကိုလိုက်ခေါ် ကျောင်းပြန်အပ် ပြီး ဘွဲ့ရစေခဲ့တယ် ။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ ရိုက်စ်အဒေါ်လည်း ထို့နည်းလည်းကောင်းပါဘဲ၊ ကျောင်းကထွက်ပြီး နယူးယောက်က ချစ်ချစ်ဆီကို ထွက်သွားပါသတဲ့ ။ ရိုက်စ်တို့အဖိုးလည်း ဘာရမလဲ ။ အရင်လိုဘဲ ရထားတတန်စီးပြီး သမီးကို လိုက်ခေါ် ကောလိပ်ပြန်ပိုလိုက်တာ့နောက်ဆုံး ကောလိပ်ဘွဲတင်မက မာစတာဘွဲ့တင်မကဘဲ Ph.D အထိရလို့ အခုဆို ဆရာမဖြစ်နေပါပြီ ။ဒီလောက်ဆိုရင် ဟောဒီစာရဲ့ ဇာတ်လိုက်မမ ဖြစ်တဲ့ ကွန်ဒိုလီဇာရိုက်စ်ရဲ့ ဘိုးဘွားဆွေမျိုးတွေအကြောင်းကို ပရိသတ်ကြီး ရိပ်ဖမ်းသံဖမ်းတော့သိကြပြီလို့ ထင်ပါတယ် ။ဟုတ်ပါတယ်။ သူတို့ဟာ ပညာအတွက်ကို ဘာမဆိုလုပ်မယ်ဆိုတဲ့အထဲမှာ ပါပါတယ်။( တင်စားပြီးပြောတာနော်။ ပညာအတွက်ဆို ဟိုဟာကောလုပ်မလား ဒီဟာကောလုပ်မလား။ စပွန်ဆာကောယူမလားလို့ ကပ်မတွေးပါနဲ့ဦး။ ပြောချင်တာလမ်းလွဲကုန်ဦးမယ်။ )။

  •                   ပြောချင်တာက ဘိုးဘေးတွေလက်ထက်မှာ သူများခိုင်းဖတ်ကျွန်ဖြစ်ခဲ့ရတယ် ။ အဖေတွေလက်ထက်မှာ လူမဲတွေလွတ်လပ်ရေး ရလာပြီဆိုပေမယ့် အဖိနှိပ်ခံရတုန်းပါဘဲ ။ဒီဘ၀တွေက လွတ်ဖို့ပညာသာကိုးကွယ်ရာဆိုတာကို သဘောပေါက်တဲ့ လူတွေပါ ။ပညာရဲ့ ပြောင်းလဲနိုင်တဲ့ ပါဝါအပေါ်မှာ အကြွင်းမဲ့ယုံကြည့်ခဲ့ကြတယ်။ယုံကြည်တဲ့ အတိုင်းလည်း ဖြစ်အောင်လုပ်ခဲ့ကြတယ်။ ဘယ်လောက်များလည်းဆိုရင် ရိုက်စ်ငယ်ငယ်တုန်းက ရှိစုမဲ့စုပိုက်ဆံနဲ့ မကြာခဏဆိုသလို မိသားစုပျော်ပွဲစားထွက်ကြပါသတဲ့။ သူ့အဖေနဲ့ အမေဟာ တစ်ဦးတည်းသောသမီးရိုက်စ်တင်မက ရိုက်စ်ရဲ့ဝမ်းကွဲမောင်နှမတွေကိုပါ သူတို့ပျော်ပွဲစားထွက်တာမှာခေါ်သွားလေ့ရှိတယ်။ ပျော်ပွဲစားထွက်တယ်ဆိုလို့ မြကျွန်းသာတို့ ဟက်ပီးဝေါလ်တို့ သွားတယ်ထင်လားဟင် ။ ကလေးတွေကို ကောလိပ်တွေ တက္ကသိုလ်တွေရဲ့ Campus တွေကို သွားပြကြတာပါတဲ့။ တခါတလေ သူတို့မြို့နဲ့ မိုင်ရာချီဝေတဲ့တက္ကသိုလ်ကောလိပ်တွေကို လိုက်ပြလေ့ရှိတယ်။ ကောလိပ်ဆိုတာ တစ်ချိန်မှာ မဖြစ်မနေသွားရမယ့်နေရာတစ်ခုလို့ကို ကလေးတွေရဲ့ ခေါင်းထဲမှာ စွဲနေစေခဲ့တယ်။ ရိုက်စ် အင်တာဗျူးတွေမှာ သူ့ဘ၀အကြောင်းကို ပြောတိုင်း မကြာမဏထည့်ပြောလေ့ရှိတာက '' ကျမမိဘတွေက ကျမကို ကောလိပ်တက်ချင်သလား''  လို့ဘယ်တော့မှ မမေးပါဘူး ။ '' ဘယ်ကောလိပ်ကိုတက်မလဲ '' လို့သာ မေးတာပါ တဲ့။ ရိုက်စ်နဲ့ အတူပညာသင်ခဲ့တဲ့ ဆွေမျိုးသားချင်းတွေဟာလည်း အခုဆိုရင် ပညာတတ်တွေ ဖြစ်လို့ ရာထူးကြီးကြီးတွေမှာ တင့်တင့်တယ်တယ် နေနိုင်ကြသူတွေပါ ။သူတို့အားလုံးတစ်ညီတစ်ညွတ်ထဲ ပြောလေ့ရှိတာကတော့ ရိုက်စ် မိဘ တွေရဲက ကျေးဇူးဟာ သူတို့အပေါ်အများကြီးတင်နေပါတယ် တဲ့။
အသက် ၃၈ နှစ်တွင် Standford တက္ကသိုလ်၏ အသက်အငယ်ဆုံးအမျိုးသမီး provost ဖြစ်စဉ်

  •                  ရိုက်စ်အဖေရဲ့ ဘုရားကျောင်းမှာ အင်္ဂါနဲ့ ကြာသာပတေးနေ့ညတိုင်းလည်း ကျောင်းတွေက ဆရာဆရာမတွေလာပြီးလုပ်အားပေးကြတယ်။ သင်္ချာ၊ သပံ္ပ ၊ ဘာသာစကားတွေကို သင်ပေးကြတယ်။ ရိုက်စ်အမေက စန္ဒရားနဲ့အင်္ဂလိပ်စာသင်တယ်။ အနီးအနားက ကလေးတွေနဲ့ တရုံးရုံးပါဘဲ။ ဒီလိုနဲ့ အနီးအနားက ပိုက်ဆံမဲ့အနှိမ်ခံလူမဲတွေအားလုံးအတွက် ပညာရေးအ၀န်းအ၀ိုင်းကို ဖန်တီးပေးခဲ့တယ်။ ဖြစ်ချင်တော့ ရိုက်စ်တို့ အာဖရိကကလာတဲ့လူမည်းခရစ်ယာန်တွေက ဘုရားကျောင်းမှာ သီချင်းမြူးမြူးကြွကြွတွေနဲ့ ကခုန်တာလုပ်လို့ရတယ်။ ဒါတွေကလည်း ကလေးတွေကို ဆွဲဆောင်မှု ဖြစ်စေခဲ့တယ်။ ရိုက်စ်အဖေကိုယ်တိုင် ( ရိုက်စ်အဖိုးလုပ်ခဲ့သလို ) အိမ်တွေကို သွားပြီး ကလေးတွေကို ကျောင်းပို့ဖို့ မိဘတွေကို ပြောတယ်။ ပညာသင်ဆုတွေလျောက်ပေးတယ်။ သူတို့သင်ပေးလိုက်တဲ့ကလေးတွေဟာ နောက်ပိုင်းမှာ နာမည်ကြီး အားကစားသမားတွေ၊ တက္ကသိုလ်ကျောင်းအုပ်တွေ ၊ပူလစ်ဇာဆုရ စာရေးဆရာတွေ ၊နာမည်ကြီး ဂျာနယ်လစ်တွေ ၊ ဆေးရုံအုပ်တွေ စာကြည့်တိုက်မှုးတွေ ဖြစ်လာခဲ့ကြတယ် ။
၂၀ ရာစု၏ အတော်ဆုံး baseball သမား Wille Mays ( ရိုက်စ်တို့Sunday School ထွက် ၊လူမဲ )
  •               ဒီလို ပညာနံ့သင်းထုံတဲ့ အသိုင်းအ၀ိုင်းဖြစ်အောင် လုပ်ရတာ မလွယ်ပါဘူး။ ဒီလောက်လုပ်ပေးမှတော့နိုင်ငံခြားရေးဝန်ကြီး တက်ဖြစ်တာ မဆန်းပါဘူးလေ ..ငါသာဆို သမ္မတလောက်တော့အသာလေး ဖြစ်ပါတယ်လို့ စာဖတ်သူ တွေးနေလောက်ပြီနဲ့တူတယ်။ တွေးပါ။ တွေးပါ။ တားပါဘူး။ လေထဲတိုက်အိမ်ဆောက်ရတာ ပိုက်ဆံပေးရတာ မှတ်လို့။ ဒါပေမယ့် ရိုက်စ်မွေးလာတဲ့ ခေတ်ကို နည်းနည်းလေ့လာကြည့်ရအောင်။
 လူမဲတွေကို အကြမ်းဖက်နှိပ်ကွပ်သော လူဖြူများ။
  •              ကျွန်စနစ်ကို ပျက်သုန်းသွားစေတဲ့ အမေရိကန်ပြည်တွင်းစစ်ဟာ ၁၈၆၅ မှာပြီးတယ်။ ဒီတော့  ရိုက်စ်မွေးတဲ့ ၁၉၅၄ မှာ လူမည်းတွေလွတ်လပ်ရေးရတာ အတော်ကြာလှပေါ့။ဒါပေမယ့် လူမျိုးရေးစိတ်ဓါတ်ပြင်းထန်တဲ့ ကျွန်စနစ်ကို လိုလားတဲ့ လူဖြူတွေဟာ စစ်ပြီးကတည်းက နည်းအမျိုးမျိုးနဲ့ လူမည်းတွေကို နှိပ်ကွပ်လာလိုက်တာ ရိုက်စ်ကို မွေးလို့တော်တော်ကြာတဲ့အထိပါဘဲ ။အစိုးရအဖွဲ့ထဲမှာကို လူမဲမုန်းသူတွေပါနေတော့ကြောင့် ဒီနှိပ်ကွပ်မှုဟာ နှစ်ရာချီ ကြာနေခဲ့တယ် ။စစ်ပြီးပြီးချင်းကို လူဖြူအကြမ်းဖက်တွေ ပေါ်လာလို့ လူမည်းတွေဟာ ကျီးလန့်စာစား ဖြစ်နေခဲ့ရတယ်။
ရဲကပါ လူမဲကို နှိပ်ကွပ်နေပုံ
  •  ရိုက်စ်ကို မွေးတဲ့ အာလာဘားမားပြည်နယ်ဟာ ကျွန်စနစ်ခေတ်စားခဲ့ရာ အမေရိကန်တောင်ပိုင်းမှာရှိတယ်။ ရိုက်စ်တို့ ဘာမင်ဟန်မြို့မှာလည်း လူမည်းတွေ အများကြီးရှိတော့အဲဒီနှိပ်ကွပ်မှုတွေကို ခါးဆီးခံခဲ့ကြရတယ်။ ရိုက်စ် ၁၁ နှစ်အရွယ်မှာ အကြမ်းဖက်တွေက ရိုက်စ်တို့ဘုရားကျောင်းလေးနားက ဘုရားကျောင်းကြီးတစ်ခုကို ဒိုင်းနမိုက်နဲ့ဖောက်လို့ လူမဲလေးယောက်သေတဲ့အထဲမှာ သူ့အတန်းဖော်သူငယ်ချင်းတစ်ယောက်ပါသွားတယ်။ ညတွေမှာ မျက်နှာကို အုပ်ထားတဲ့လူတွေဟာ အိမ်တွေကို ၀င်စီး ပစ္စည်းယူ လူသတ်တာတွေကိုလုပ်တယ်။
အသတ်ခံထားရသောလူမဲများအား လူစဉ်ကားရာနေရာများတွင်ထားခြင့်ဖြင့် ချောက်လှန့်စဉ်
  •              သတ်ထားတဲ့ လူသေအလောင်းတွေကို လူစည်ကားရာနေရာတွေမှာ ကားစင်တင်တာတို့ သစ်ပင်မှာ ချိတ်ဆွဲတာတို့လုပ်ပြီး လူမဲတွေကို ခြောက်လှန့်ခဲ့တယ်။ အစိုးရအဖွဲ့မှာ လူမည်းတွေကို မလိုလားတဲ့ ဒီမိုကရက်တွေအာဏာရလာတော့ လူမည်းတွေကို ခွဲခြားဆက်ဆံရေး ပိုပြင်းထန်လာခဲ့တယ်။ အဲဒီမှာတင် Jim Crow Law ဆိုတဲ့ ဥပဒေပေါ်လာပါတော့တယ်။ အဲဒီဥပဒေအကြောင်းနည်းနည်း လျှာရှည်ပါရစေ။ဟဲဟဲ..ဖတ်လက်စနဲ့တော့မထူးပါဘူး။ ဆက်ဖတ်လိုက်ပါနော်။ ဗဟုသုတပေါ့ ။

  •               Jim Crow ဆိုတဲ့နာမည်က Jump Jim Crow ဆိုတဲ့ သီချင်းကလာတာပါ။ တိုတိုပြောရရင် လူမည်းတွေကို နှိမ်တဲ့သီချင်းပေါ့။ ဟိုးအရင် ကျွန်ဝါဒရှိကတည်းက လူဖြူလူရွှင်တော်တစ်ယောက်ကဆိုခဲ့တဲ့သီချင်းပါ။ သိကြတဲ့အတိုင်း Crow ဆိုတာ ကျီးကန်းမဟုတ်လား။ လူမည်းတွေကို ဆိုလိုတာပေါ့။ ဒီသီချင်းပေါ်လာပုံကို ဘယ်သူမှအသေအချာမသိပေမယ့် အရပ်စကားတစ်ခုကို ကိုးကားရရင်တော့ တစ်ခါက ကျီးကန်းတွေကို ဖမ်းချင်တဲ့ လယ်သမားတစ်ယောက်ဟာ ရွှေဥာဏ်တော်စူးရောက်စွာနဲ့ အရက်စိမ်ထားတဲ့ ပြောင်းဖူးတွေကို အိမ်ပြင်မှာချထားသတဲ့ ။ကျီးကန်းတွေက ပြောင်းဖူးစားပြီး မူးတော့တာပေါ့။ မူးတော့ မပျံနိုင်ဘဲ ဟိုယိမ်းဒီထိုးနဲ့ ဖြစ်နေချိန်မှာ လယ်သမားက တင်းပုတ်နဲ့ ထုပြီး သတ်စားပါသတဲ့။ မိုက်မဲတဲ့ ကျီးကန်းတွေ တောင်ပံမမနိုင်ဘဲ ထော့နဲ့ ထောနဲ့ ခုန်ဆွခုန်ဆွ ဖြစ်နေပုံကို ပြဖို့ သီချင်းဆိုတဲ့သူက သီချင်းတစ်ပိုဒ်ပြီးတိုင်း ခုန်ဆွခုန်ဆွလုပ်တယ်။ ဒီသီချင်းဟာ စစ်ပြီးခေတ်မှာ အနှစ်နှစ်ဆယ်ကျော်ကြာအောင် ဟုန်းဟုန်းတောက်နာမည်ကြီးခဲ့တယ်။ ဆိုတဲ့သူက မျက်နှာကို အမည်းရောင်သုတ်ပြီး စုတ်စုတ်ပြတ်ပြတ်ဝတ်ထားတဲ့ လူမည်း သူရင်းငှားတစ်ယောက်ပုံစံဖမ်းပြီး  သီချင်းစာသားကိုလည်း ပညာမဲ့ လူမည်းတွေပြောတဲ့ မပီမသ သဒ္ဒါမမှန်တဲ့ အင်္ဂလိပ်စာနဲ ဆိုထားတာပါ ။
လူမဲကို နှိမ်ဆိုထားသောJump Jim Crow သီချင်းကြော်ငြာတစ်ခု

  •               အဲ..ဆက်ရရင် ရိုက်စ်ကိုမွေးတဲ့ အချိန်မှာ အဲဒီ ဥပဒေကြီး ရှိနေတယ်။ Jim Crow Law ရဲ့ အဓိကရည်ရွယ်ချက်က လူဖြူကြီးစိုးရေး ၊လူမည်းတွေကန့်သတ်ရေး၊ လူမည်တွေမဲပေးခွင့်မရရေးပါ။ Jim Crow Law ရဲ့ ကန့်သတ်ပုံကို ဥပမာပြောရရင် လူမည်းနဲ့လူဖြူမယူရ ၊ဆေးရုံမှာ လူမည်းတွေရှိတဲ့ အဆောင်တွေဆို လူဖြူ သူနာပြု မရှိစေရ ။ ပြည်သူပိုင် သောက်ရေစင်တွေမှာ လူဖြူနဲ့ လူမည်း သတ်သတ်ခွဲသောက်ဖို့ဆိုပြီး  နှစ်နေရာခွဲထားတယ် ။ ကားမှတ်တိုင်တွေမှာ စောင့်ဖို့ နေရာကို လူဖြူသပ်သပ် လူမည်း သပ်သပ် ပေးထားတယ် ။စားသောက်ဆိုင်တွေဆိုလည်း ဒီအတိုင်းဘဲ ။
သပ်သပ်စီခွဲထားသော ရေစင်တွင် ရေသောက်နေသော လူမဲတစ်ဦး ။
  •                    လူဖြူတွေက ဆိုင်ထဲမှာ ကျကျနန စားရပြီး လူမည်းကို ကျတော့ ဆိုင်နဲ့ ခွဲထားပြီး Colored dining room လို့ကို ရေးထာတဲ့ ကားဂိုဒေါင်သာသာ နေရာကျဉ်းကျဉ်းမှာ စားစေတယ်။ ကားရထားပေါ်မှာလည်း သပ်သပ်စီ ထိုင်ရတယ် ။ ဘယ်လောက်များလူမဲမုန်းသလဲဆိုရင် တစ်ချို့ နေရာတွေမှာဆို ခွေးနဲ့ နီဂရိုး မ၀င်ရ လို့ကို ရေးထားတယ်။
လူမဲမုန်းတီးရေးဆိုင်းဘုတ်တစ်ခု
စားသောက်ဆိုင်တစ်ခုတွင် လူမဲများအတွက်သပ်သပ်ခွဲထားသော နေရာ
  •                အဖြူနဲ့ အမည်း ကျောင်းအတူ မတက်ရဘူး ။လူဖြူနဲ့ လူမဲကြားမှာ စာအုပ်ဘာညာ ငှားတာမျိုးမလုပ်ရဘူး ။ လူဖြူကလေးက အတန်းကြီးသွားလို့ ဖတ်စာအုပ် အဟောင်းလေးတွေ ဟို လူမဲလေးးကို ပေးလိုက်ပါဦးမယ်လို့ မရှည်မိစေနဲ့ဆရာ ..မရဘူးဆိုမရဘူး ။ လူမည်းစာအုပ်လူမည်းပေးသုံး လူဖြူကစာအုပ် ပေးချင်ရင် လူဖြူကိုဘဲ ပေး။ ရုပ်ရှင် ပြဇာတ်တို့လည်းအတူမကြည့်ရဘူး ။ အများသုံး တယ်လီဖုန်းတွေဆိုလည်း သပ်သပ်စီ။ လူမဲ မုတ်ဆိတ်ရိတ်သမားဟာ လူဖြူကို ရိတ်ပေးလို့ မရဘူး။ သေတာတောင် လူဖြူ လူမဲ အတူမမြုပ်ရဘူး ။ အလုပ်အကိုင်ဆိုရင်လည်း လူဖြူကိုသာ ဦးစားပေးတယ် ။ လူလိုကြောင်း ကြေငြာတာကိုက White Only ဆိုတာမျိုး။

  •  လူဖြူတွေသွားတဲ့ ပန်းခြံတို့ အပန်းဖြေနေရာတို့ကို လူမည်းတွေ မလာရဘူး။ အိမ်ခန်းတိုက်ခန်းငှားတာတောင် အဲဒီအဆောက်အဦးမှာ လူဖြူတစ်ယောက်လောက် ငှားနှင့် နေနှင့်ပြီးသား ဖြစ်နေတာနဲ့ လူမည်းကို မတင်ရတော့ဘူး။ အဲဒါ သဘောကောင်းတဲ့ လူဖြူက ငှားလိုက်ပါမယ်လေ လို့ သွားမလုပ်နဲ့ ။ လူဖြူပေမယ့်ဒီဥပဒေကို မလိုက်နာရင် အနည်းဆုံး ဒဏ်ငွေ နဲ့ ကံမကောင်းရင် ထောင်ကျဘဲ ။ကဲ...အဲလိုနေရာမှာ လူဖြစ်လာရတဲ့ ရိုက်စ်ရဲ့ဘ၀ကို လွယ်တယ်လို့တော့ဆိုလို့မရဘူး မဟုတ်လား။ ဒါကြောင့် ရိုက်စ်က နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့အခါ ပြောတဲ့ မိန့်ခွန်းတစ်ခုမှာ  
                '' When America's founding father said '' we the people '' , they didn't mean me. ''
  အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့တဲ့ခေါင်းဆောင်ကြီးတွေက '' တို့ပြည်သူတွေ'' လို့ ဆိုတဲ့စကားဟာ ကျမကိုတော့ မရည်မရွယ်ခဲ့ပါဘူး လို့ ပြောဖူးပါတယ် ။( ၀မ်းနည်းဒယ်..ဟင့်..ဒကယ်ပြောတာ )
 လူမဲများအတွက်ကန့်သတ်ထားသောနေရာတွင် လူမဲတစ်ဦး ကားစောင့်စဉ်
  •                 သမီးကို အနှိမ်ခံမဖြစ်စေလိုတဲ့ ရိုက်စ်မိဖတွေဟာ ရိုက်စ်ကို  အတတ်နိုင်ဆုံး အိမ်ပစ္စည်းတွေကို သုံးစေခဲ့တယ်။ လူဖြူလူမဲခွဲသုံးရတဲ့ အများသုံးနေရာက ပစ္စည်းတွေကို မသုံးစေခဲ့ဘူး။ တစ်ခါက ရိုက်စ်နဲ့ သူအမေဟာ အကျီင်္ဆိုင်တစ်ဆိုင်မှာ အင်္ကျီဝယ်တော့ ဆိုင်ကစာရေးမက ရိုက်စ်ကို လူမည်းတွေအတွက်ထားတဲ့ အစမ်းဝတ်ခန်းကို သွားခိုင်းတယ်။ ရိုက်စ်အမေဟာ ဆိုင်စာရေးမကို အတိုက်အခံပြောပြီးတော့ကို သမီးကို လူဖြူအတွက်ထားတဲ့ အခန်းကို သွားစေခဲ့တယ်။ ရိုက်စ်အဖေဟာ ရိုက်စ်ကို အိမ်ဖြူတော်ရှေ့ကို ခေါ်သွားပြီး '' သမီး ၊ အခုအချိန်မှာသမီးဟာ မိုးမျှော်တိုက်ပေါ်တက်ပြီး လူဖြူတွေနဲ့ ဟမ်ဘာဂါ အတူစားလို့ရချင်မှရမယ်။ ဒါပေမယ့် အမေရိကန်သမ္မတတော့ ဖြစ်လာနိုင်ပါတယ် '' လို့ ပြောဖူးတယ်။ ဒီစကားကို ရိုက်စ်နားလည်ထားလိုက်တာကတော့ သူဟာ သူများထက် နှစ်ဆပိုတော်နေမှ ဖြစ်မယ် ဆိုတာပါဘဲ။

ငယ်စဉ်က အိမ်ဖြူတော်ရှေ့မှာ
  •                   အသက် ၃ နှစ်မှာ ရိုက်စ်ဟာ စန္ဒရားတီးတာရယ် ၊ ဘဲလေးကတာရယ် ၊ ရေခဲပြင်ပေါ်မှ အလှပြ စကိတ်စီးတာရယ်၊ ပြင်သစ်စာရယ်ကို သင်ယူခဲ့တယ်။ အသက် ၅ နှစ်မှာ သူ့အမေနဲ့လိုက်ပြီး ဘုရားကျောင်းမှာ စန္ဒရားဝင်တီးနေပါပြီ။
သုံးနှစ်အရွယ် ဘဲလေးအက သင်နေတဲ့ရိုက်စ်
  •                စန္ဒရားဆရာမဖြစ်တဲ့ သူ့အမေကြောင့်ငယ်ငယ်ကတည်းက ဂီတနဲ့အကျွမ်းဝင်ပြီး အခုအချိန်ထိ စန္ဒရားကို အမြတ်တနိုးတီးဆဲပါဘဲ။ ရိုက် ၁၀ နှစ်လောက်မှာ သူ့အမေကို '' စန္ဒရားမတီးချင်တော့ဘူး အမေရယ်'' လို့ ပြောဖူးသတဲ့။ ဒီတော့ သူ့အမေက '' သမီးက စန္ဒရားမတီးတော့ဘူး လို့ ပြောနိုင်ရလောက်အောင် စန္ဒရားကို ကျွမ်းကျင်နေပြီးလား ၊အဲဒီလို ပြောနိုင်လောက်အောင် အသက်အရွယ်ကို ရောက်ပြီးလား '' လို့ ပြောပြီး အတင်းဆက်သင်ခိုင်းပါတယ်။ ဒီလိုနဲ့ ဆက်သင်လိုက်တာ ခုဆို ကမ္ဘာကျော် ဂီတပညာရှင်တွေနဲ့တွဲပြီး ဖျော်ဖြေမှုတွေ များစွားလုပ်နိုင်ခဲ့တယ်။ အင်္ဂလန်ဘုရင်မကြီးရဲ့ နန်းတော်မှာတောင် တီးပြနိုင်ခဲ့တယ်။ ဒါနဲ့ ကွန်ဒိုလီဇာ ဆိုတဲ့နာမည်ကလည်း con dolcezza ဆိုတဲ့ အီတလီ ဂီတစကားတစ်ခုလာတာပါ ။ con ဆိုတာ အီတလီဘာသာမှာ နှင့် (with) လို့ အဓိပ္ပါယ်ရပြီး dolcezza ကတော့ ချိုသာနူညံ့ခြင်း( sweetness ) လို့ ဆိုလိုပါတယ်။
ကမ္ဘာ့အတော်ဆုံး တယောပညာရှင် ရိုရိုမ နှင့် ။
  •                     ဒီလိုနဲ့ ကွန်ဒိုလီဇာရိုက်စ်လေးဟာ အသက် ၁၅ နှစ်မှာ ဒန်ဗာ မြို့က တက္ကသိုလ်ကို ချောချောမောမောနဲ့ရောက်လာပါတော့တယ်။ ဒါပေမယ့် မကြာခင်မှာဘဲ သူ့အမေရဲ့ ကင်ဆာ သတင်းဆိုးကို ကြားရပါတော့တယ်။ ရိုက်စ် အမေဟာ နောက်ထပ် ၁၅ နှစ် အသက်ရှင်နေထိုင်သွားနိုင်ခဲ့ပေမယ့် ရိုက်စ်ဟာ အဲဒီအချိန်တွေမှာ နေ့တိုင်းနေ့တိုင်း သူ့အမေကို ပူပန်ပြီးနေခဲ့ရတယ်။ အစကတော့ ဒန်ဗာတက္ကသိုလ်မှာ ရိုက်စ်ဟာ ငယ်ငယ်ကတည်းက တစိုက်မတ်မတ်တီးခဲ့တဲ့ စန္ဒရားပညာနဲ့ ဘွဲ့ယူမလို့ဘဲ။ ဒါပေမယ့် တစ်နေ့မှာ ကမ္ဘာ့အဆင့် ပြိုင်ပွဲတစ်ခုမှာ စန္ဒရားကို တဖက်ကမ်းခပ် တီးနေတဲ့ ၁၁ အရွယ်ကလေးတစ်ယောက်ဟာ ရိုက်စ်ရဲ့ အတွေးတွေကို ပြောင်းလဲပစ်စေခဲ့ပါတယ်။ အဲဒီကလေးဟာ စန္ဒရားပညာမှာ ရိုက်စ် တစ်နှစ်လုံး သင်ခဲ့ရတာကို တစ်ခါကြားရုံနဲ့ တီးပြနိုင်တာကိုတွေ့တော့ ရိုက်စ်ဟာ အတော်လေး လေသွားတယ်။ သူတော်တယ်ဆိုတာ ပါရမီရှိတဲ့သူနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါလားလို့ ပေါက်သွားသတဲ့။ဒီတော့ စန္ဒရားနဲ့ ဘ၀အသက်မွေးဝမ်းကြောင်းလုပ်ဖို့ အရေးကို စွန့်လွှတ်လိုက်ပါတော့တယ်။ တက္ကသိုလ်မေဂျာကို စန္ဒရားကနေ နိုင်ငံရေးသိပ္ပံ ပြောင်းတော့မယ်ဆိုတော့သူ့အမေနဲ့အဖေဟာ အတော်လေး စိတ်ဆင်းရဲသွားတယ်။ သူ့အဖေက '' သမီးရယ်၊ လူမဲတွေ နိုင်ငံရေးသိပ္ပံ ပညာနဲ့ဘယ်လောက်များ အလုပ်ဖြစ်မှာလဲ '' လို့တားစကားဆိုတော့ ရိုက်စ်က '' ဂီတနဲ့လည်း အလုပ်ဖြစ်မယ်မထင်ပါဘူး အဖေ ''  လို့ပြန်ပြောပြီး မေဂျာကို ပြောင်းဖြစ်အောင်ပြောင်းလိုက်ပါတယ်။
ဒန်ဗာတက္ကသိုလ်ကျောင်းသူ ၁၅ အရွယ် ရိုက်စ်
  •                   ဒါလိုပြောင်းလိုက်တာဟာ နောက်ပိုင်းမှာ ရိုက်စ်တစ်ယောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာဖို့လမ်းစပါဘဲ။ နိုင်ငံရေးသိပ္ပံဘာသာမှာ ရိုက်စ်ရဲ့ ဆရာက ဂျူးလူမျိုး ဂျိုးဇက် ကော်ဘယ် Jorsef Korbel ပါဘဲ။ ဂျိုးဇက်ဟာ နာဇီတွေနဲ့ ကွန်မြူနစ်တွေရဲ့ရန်ကြောင့် ထွက်ပြေးလာရတဲ့ ချက် Czech နိုင်ငံသား သံတမန်ဟောင်းဖြစ်ပြီး အမေရိကန်မှာ နိုင်ငံရေးခိုလှုံနေသူပါ။ ဂျိုးဇက်ရဲ့သမီးက နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမယ့် မယ်ဒလင်အောဘရိုက် Madeleine Albright ပါဘဲ။ မြန်မာ့အရေးကို အမြဲတမ်း အားပေးကူညီခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အရမ်းခင်မင်လေးစားသူဖြစ်ပါတယ်။ ဂျိုးဇက်တို့ ဂျူးမိသားစုတစ်ခုလုံးဟာ ရိုက်စ်နဲ့ အရမ်းခင်မင်ခဲ့ပြီး ဂျိုးဇက်ဟာ ရိုက်စ်ရဲ့ လမ်းပြသူ mentor တစ်ယောက်ဖြစ်လာခဲ့ပါတယ်။မယ်ဒလင်အောဘရိုက်နဲ့ ရိုက်စ်တို့နှစ်ယောက်ဟာ အတန်းထဲမှာ အတော်ဆုံးကျောင်းသားတွေ ဖြစ်ခဲ့ပါတယ်။ ( မယ်ဒလင်အောဘရိုက်ဟာ သူနိုင်ငံခြားရေးဝန်ကြီး မဖြစ်ခင် တစ်နှစ်အလို ၁၉၉၅ မှာမြန်မာပြည်ကိုလာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ဖူးတယ် )
 မြန်မာ့အရေးကို အမြဲအားပေးခဲ့သော မယ်ဒလင်အောဘရိုက် ၁၉၉၅ တွင် မြန်မာပြည်သို့လာစဉ်ဒေါ်စုနဲ့တွေ့
  •                   အသက် ၁၉ နှစ်မှာ ရိုက်စ်တစ်ယောက် ဂုဏ်ထူးတွေ တစ်သီကြီးနဲ့ ဘွဲ့ရပြီး Notre Dame တက္ကသိုလ်မှာ မာစတာဘွဲ့ကို တက်ပါတယ်။ သူဟာ အဲဒီကတည်းက ဆိုဗီယက်အရေးကျွမ်းကျင်သူဖြစ်ဖို့ လမ်းပေါ်ရောက်နေပါပြီ။( အဲဒီတုန်းက ရုရှားနိုင်ငံဟာ မပြိုကွဲသေးဘဲ ဆိုဗီယက်နိုင်ငံအဖြစ်နဲ့ ရှိနေတုန်းပါ )။ ရိုက်စ်ဟာ ရုရှားနဲ့ပတ်သက်သမျှကို အရူးအမူး စိတ်ဝင်စားသူဖြစ်တယ်။ သူစီးတဲ့ ကားကိုတောင် ရုရှားနိုင်ငံရေးသမားတစ်ယောက်ရဲ့ နာမည် Boris လို့ပေးထားပါတယ်။ မာစတာဘွဲ့ရအပြီးမှာ ဒန်ဗာတက္ကသိုလ်ကို ပြန်လာပြီး ပါရဂူဘွဲ့ကိုယူတယ်။ ဒီနောက် အသက် ၂၆ နှစ်မှာ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ စတန်းဖို့ဒ် Standford မှာ လက်ထောက်ကထိက ဖြစ်လာပါတယ်။


  •                   ငယ်ရွယ်တဲ့ထက်မြက်တဲ့ရိုက်စ်တစ်ယောက် လူတိုင်းရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ အဲမှာ စတွေ့တာဘဲ။ Bush ရဲ့အဖေ Bush ကြီးနဲ့လေ။ ( သမ္မတ George W .Bush ဟာ အမေရိကန်ရဲ့ ၄၃ ယောက်မြောက် သမ္မတ ဖြစ်သလို သူ့ အဖေ George H.W Bush ကလည်း ၄၁ ယောက်မြောက် သမ္မတ ဖြစ်တယ်။ သားအဖ နှစ်ယောက်ရဲ့နာမည်များ မှည့်စရာရှားလို့နော်။ H ကလေးဘဲကွဲတယ်။ မျက်စိလည်စရာ )။ အဖေ Bush ကြီးလက်ထက်မှာ နိုင်ငံတော် လုံခြုံရေး အကြံပေးဖြစ်လာတာက Brent Scowcroft ဆိုသူပါ။ သူဟာ ၁၉၈၇ မှာ တက္ကသိုလ် ကွန်းဖရန့်စ် တစ်ခုမှာ ရိုက်စ်ကို မျက်စိကျသွားပါတယ်။ ဒီမဲမဲသဲသဲ ထက်ထက်မြက်မြက်နဲ့ ဆိုဗီယက်အကြောင်းကို ဖင်ပြန်ခေါင်းပြန်သိသူလေးဟာ ဘူလေးလဲပေါ့ ။ ဒီလိုနဲ့အဲဒီလူကြီးကောင်းမှုနဲ့ ရိုက်စ်တစ်ယောက် အဖေဘုရှ် ကြီးရဲ့ အစိုးရအဖွဲ့ထဲမှာ ဆိုဗီယက်ကျွမ်းကျင်သူရာထူးကို တန်းရသွားပါတယ်။ ဆိုဗီယက်နိုင်ငံကြီး ပြိုကွဲချိန်မှာ ဘုရှ်ကြီးဘေးကနေ အကြံပေးကူညီခဲ့တယ်။ အဲဒီကနေ ဖေဖေ ဘုရှ်ကြီးက ရိုက်စ်ကို သားသားဘုရှ်ကလေးနဲ့ မိတ်ဆက်ပေးပြီး သူ့သားကို ဆိုဗီယက်အကြောင်းကို သင်ပေးခိုင်းပါသတဲ့။ဒီလိုနဲ့ ရိုက်စ်တစ်ယောက် ဘုရှ်တို့မိသားစုရဲ့ အမြှောက်စားခံဘ၀ကိုရောက်လာပါတော့တယ်။ နောက်ပိုင်းမှာ သားဘုရှ် သမ္မတဖြစ်တော့ ရိုက်စ်အကြောင်းပြောတိုင်း ကျနော့်ကို ရှရှားနဲ့ပတ်သက်တာ အကုန်သင်ပေးခဲ့သူ လို့ အမြဲပြောလေ့ရှိပါသတဲ့ ။ဒီလိုနဲ့ ''တားတားရဲ့ ချာမ '' ရိုက်စ်လည်း တားတားရဲ့ သမ္မတ ပထမသက်တမ်းမှာ နိုင်ငံတော် လုံခြုံရေး အကြံပေး ဖြစ်လာပြီး ဒုတိယသက်တမ်းမှာတော့ အမေရိကန်နိုင်ငံရဲ့ ၆၆ ယောက်မြောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပါတော့တယ်။ ( မှတ်ချက်။ ၆၄ ယောက်မြောက်မှာ ရိုက်စ်၏ သူငယ်ချင်းလည်း ဖြစ် ရိုက်စ်ဆရာ၏ သမီးဖြစ်သူ မယ်ဒလင်အောဘရိုက် ၊ ၆၅ ယောက်မှာ ရိုက်စ်ကဲ့သို့ လူမဲဖြစ်သူ Colin Powell နဲ့ ယခု ဟီလာရီ ကလင်တန်ကတော့ ၆၇ ယောက်မြောက် ဖြစ်သည်။ ).
 
( မဆန့်တော့လို့ နောက်မှဆက်တော့မယ်နော်။ ပထမဆုံးရေးတာဖြစ်လို့အပိုအလိုအမှား ပါရင်ခွင့်လွှတ်ကြပါကုန်  )
အမေရိကန်စစ်သည်တော်များနဲ့ ရိုက်စ် အီရတ်မှာ
>>>Read more>>> >>

Sunday 18 December 2011

ကလေးသုံးယောက်မွေးဖွားပြီးခဲ့သော ကမ္ဘာပထမဆုံးသော ယောက်ျား

ကလေးသုံးယောက်အထိ မွေးခဲ့သော ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင် အမျိုးသား၏ နောက်ဆုံး ကလေးမွေးဖွား အပြီး တစ်နှစ်အကြာ ဓာတ်ပုံ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

အရီဇိုးနား ပြည်နယ်တွင် ဇနီးဖြစ်သူ နန်စီနှင့်အတူ နေထိုင်လျက် ရှိသော သောမတ်စ်ဘီတီ၏ ရင်သွေးယူသည့် သတင်းသည် ကမ္ဘာတစ်ဝန်း အထူး ထင်ရှားခဲ့သည်။

အသက် ၃၇ နှစ် ရှိပြီဖြစ်သော ဘီတီသည် ကလေးမွေးပြီးနောက် တက်စ်တိုရုန်းဆေးများ ပြန်လည် သုံးစွဲခြင်းဖြင့် ယောက်ျားဆန်သော အသွင်အပြင် အပြည့် ပြန်ဖြစ်လာသည်ကို ပုံတွင်တွေ့ရသည်။

ဘီတီသည် ဟာဝိုင်ယီကျွန်းတွင် မွေးဖွားစဉ်က မိန်းကလေး တစ်ယောက် အနေဖြင့် မွေးလာခဲ့ခြင်း ဖြစ်သော်လည်း ယောက်ျားလေး ဖြစ်ချင်ခဲ့သည်ဟု ဆိုသည်။ အသက် ၂၀ ၀န်းကျင်မှစပြီး တက်စတိုရုန်းဆေးများ ထိုးခြင်းဖြင့် မျက်နှာတွင် အမွေးအမှင်များ ပေါက်လာခဲ့ကာ အသံ ပြောင်းလာခဲ့ပြီး လိင်အင်္ဂါ ပြောင်းလဲမှုကိုလည်း လုပ်ဆောင်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ရင်သား ဖယ်ရှားခဲ့ပြီးနောက် အမျိုးသားတစ်ယောက် အဖြစ် တရားဝင် အသိအမှတ်ပြု ခံခဲ့ရသည်။ သို့ရာတွင် မိန်းမအင်္ဂါ၊ သားအိမ်နှင့် အခြား မျိုးပွားအင်္ဂါများကို ဖယ်ရှားမပစ်ဘဲ ထားရှိခဲ့သည်ဟု ဆိုသည်။ ဇနီးဖြစ်သူ နန်စီမှာ သားအိမ်ထုတ်ထားရသူ ဖြစ်သည်။


ကိုယ်ဝန်ဆောင်ရန် ဆန္ဒရှိလာသော အခါ တက်စတိုရုန်း သုံးစွဲမှုကို ရပ်တန့်ထားခဲ့ရသည်ဟု ဆိုသည်။ အလှူရှင်တစ်ဦးထံမှ သုက်ပိုးကိုယူကာ မျိုးအောင်စေရန် ကြိုးပမ်းခဲ့သော်လည်း သားအိမ်ပြင်ပတွင် သန္ဓေတည်ခဲ့ခြင်းကြောင့် အရေးပေါ် ခွဲစိတ်ကုသခဲ့ရသေးသည်။ ၂၀၀၇ ခုနှစ် နှောင်းပိုင်းတွင်မှ ပထမဆုံး ရင်သွေးကို သန္ဓေ အောင်မြင်စွာ ဆောင်နိုင်ခဲ့သည်။ နောက် ကလေးနှစ်ဦးကိုလည်း ဆက်တိုက်မွေးခဲ့သည်။

ကလေးသုံးယောက်မွေးဖွားပြီးခဲ့သော ကမ္ဘာပထမဆုံးသော ယောက်ျား
>>>Read more>>> >>

Monday 14 November 2011

ပျောက်ဆုံးနေသော မြို့ကြီးများ

ပျောက်ဆုံးနေသောမြို့ ကြီးများသည်ဒဏ္ဍာရီ မဟုတ်ပါ။
ရှေးတုံးကအလွန်စည်ကားခဲ့သောမြို့ များဖြစ်သည်။ထိုစိတ်ဝင်စားဖွယ်ကောင်း
သောမြို့ များ၏ပုံများကိုတင်ပြပေးပါမည်။

(၁)ဒီမြို့ ကတော့...Petra ,ဂျော်ဒန်နိုင်ငံမှာရှိပါတယ်...


နှစ် ၂၀၀၀အထက်ဟုခန်မှန်းကြတယ်...


(၂)ပီရူးနိုင်ငံကပါ...Machu Picchu City ပါ

(၃)Mexico နိုင်ငံက Palenque City ပါ။ဒီမြို့ လည်းခမ်းနားတာပဲ...



နှစ်၃၀၀၀ခန့် ပါ။


(၄)သမိုင်းစာတွေထဲမှာထင်ရှားတဲ့ ထရိုင်မြို့ ကဒီမှာပါ..
ဒီမြို့ ကိုတော့ နှစ်ပေါင်း ၅၀၀၀ ဟုခန်မှန်းကြပါတယ်။



(၅)Pakistan ရဲ့  Mohenjo Daro City ကတော့မြို့ ရိုးပဲရှိတယ်နော်...

 နှစ်ပေါင်း ၄၅၀၀ အလွန်ဟု ခန့် မှန်းကြပါတယ်။
(၆)Palmyraမြို့ ကတော့ ဆီးရီးယားနိုင်ငံမှာရှိပါတယ်... 
  သူကတော့အလတ်ကြီးရှိသေးတယ်နော်...သြော် BC - 300 ၀န်းကျင်ကပါ...
  သမိုင်းဆိုင်ရာ ခန့် မှန်းမှုများဟာ တစ်ခုနှင့် တစ်ခုမတူပါဘူး။
သက်တမ်းများတွက်ရာတွင်လည်းသက်မှတ်ပုံချင်းမတူကြဘူးဗျ။
ဘာပဲပြောပြော ဒီမြို့ ကြီးများဟာ တစ်ချိန်ကအလွန်စည်းကားခဲ့ပေမယ့်
နှစ်ပေါင်းများစွာပျောက်ကွယ်ခဲ့ ရဘူးပါတယ်။နောက်ပိုင်းကျမှ ပြန်လည်တူး
ဖော်တွေ့ ရှိခဲ့ရတာပ
>>>Read more>>> >>

အရက်သမားများအသက်ရှည်ရခြင်း၏လျှို့ဝှက်ချက်


ပြတိုက်ဆိုဒ်တွင် တိုက်ကြီးသား ရေးတင်ထားသော ပိုစ့်ပါ...
>>>Read more>>> >>